မျော်လင့်ချက်လက်ကျန်တိ

Article Cover

--မျော်လင့်ချက်လက်ကျန်တိ---

သမိုင်းအဆက်ဆက် ရခိုင်လူမျိုးထဲက ထင်ရှားခရေ ရခိုင်ရဟန်းတော်များ ဘွဲ့တော်တိကို လိုက်ယှာ ရင်းနန့် ထူးထူးခြားခြား ဆရာတော် တပါးတွိ့ပါရေ၊

ယေဒါလေ့ ရခိုင်မြီမာမွီးဖွါးစွာ မဟုတ်ဆိုခါ ရီးသင့်မရီးသင့် တဖဲ့ချေစဉ်းစားရပါရေ၊ ဆွီမျိုးလုရေလို့ အပြောခံရဖို့လဲ စိုးလို့ပါ၊

ဆရာတော်ဧ့ ခမည်းတော်က ရခိုင်သားစစ်စစ်ပါ၊ မူလတန်းကျောင်းအုပ် ဖြစ်ပြီးကေ နာမည်က ဦးဒိုင်ပါ၊ မယ်တော်ကတော့ခါ ထားဝယ်သမပါ၊ နာမည်က ဒေါ်အေးမေခင်ပါ။ ဆရာတော်ကို ထားဝယ်မြို့မာမွီးပါရေ၊ မြန်မာနိုင်ငံမာ သတ်မှတ်ထားရေ ဆွီမျိုးစနစ်အရဖြစ်ဖြစ်၊ အစဉ်အလာဆွီမျိုးစနစ်ဖြစ်ဖြစ် အဖဖက်ကို ဦးတည်ပြီးကေ လူမျိုးသတ်မှတ်ရပါရေ။ အဖရခိုင်ဆိုကေ မွီးလာရေ သားသမီးစွာ ရခိုင်ပါ၊ ယင့်ဇုနန့် ဆရာတော်ကို ရခိုင်လို့ စိတ်ထဲက သတ်မှတ်မိ အတွက်နန့် ဆရာတော်အကြောင်းကို မျှဝီရင်း တွီးဖြစ်စွာကို ချရီးစွာပါ၊

ဆရာတော်အကြောင်းကိုမပြောခင် ရဟန်းတိပညာရေးစနစ်ကိုအရင် နားလည်ထားဖို့လိုပါရေ။ ဘုန်းကြီးရဟန်းဆိုကေ ပါဠိစာကျက်၊ တရားထိုင်

၊ကျောင်းထဲနီ ဆိုရေ အတွေးက ဆရာတော်ကြီးခေတ်ကဗင် ရိုက်သွင်းခံနီရရေ စနစ်တိပါ။ တခြားဘာသာရပ်ကို သင်ကေ တိရိစ္ဆာန်ဘာသာရပ်နန့် အနှိုင်းခံရတွက်နန့် ရဟန်းပညာရီးစွာ ပါဠိစာတတ်မြောက်ရီး မာအဆုံးသတ်နီပါရေ။ တက္ကသိုလ်ပညာရပ်စနစ်ဆိုစွာ ရဟန်းတိအတွက် မစားကောင်းရေအသီးပိုင် ရွင့်ပစ်ထားကတ်တေ။ ပညာရပ်တိကို လိုလားငတ်မွတ်ရေ ရဟန်းတော်တိကတော့ခါ အိန္ဒိယကိုကြွ၊ သီရိလက်ာကိုကြွ၊ ထိုင်းကိုကြွပနာ ဗုဒ္ဓစာပီကို ခေတ်ပညာနန့် နိူင်းယှဉ်သင်ကြားဖို့ ကြွရောက် ကတ်ရပါရေ။ အနီးနားမာ ဟိရေ ထိုင်းနိုင်ငံတောင် ဗုဒ္ဓစာပီကို ခေတ်ပညာရပ်နန့် စတင်သင်ကြားစွာက ၁၈၉၉ ဆိုကေ ဆရာလက်ထက်နန့် စာကေတောင် နှစ်ပေါင်း၅၀လောက် ရဟန်းပညာရီးစနစ်က နောက်ကျနီပါရာ။

ပညာရီးစွာ လူငယ်တိုင်း အနာဂတ်ဖြစ်တေ။ ပညာရီးစွာ လူတိုင်းနန့်သက်ဆိုင်ရေ ကြွေးကြော်နီကတ်ကေလေ့ ယင်းလူတိုင်းစာရင်းမာ မြန်မာနိုင်ငံကရဟန်းတော်တိ မပါဝင်ခရပါ၊ ကျန်ရေ ဘာသာရီးဆရာတိ ကြိုက်တေတက္ကသိုလ်မာ လက်ညိုထိုး ပညာသင်ခွင့်ရနီခကေလေ့ ယင်းထဲမာလည်း မြန်မာနိုင်ငံကရဟန်းတော်တိပါဝင်ခွင့် မရခပါ၊ ဝိနည်းနန့် မညီ၊ မြန်မာ့ယဉ်ကျေးမှုနန့် မညီ၊ ရဟန်းမာ တရားထိုင်၊ ဘုရားက ပညာသင်ရဖို့လို့ကာ မပောာခ၊ ပညာရီးနစ်က ရဟန်းတိကိုပျက်စီးရေ(လောဘ၊ဒေါသ၊မောဟ)တိကို ပိုများစီရေ- ယင်းပိုင်မျိုး မရောင်ရာဆီလှုး အကြောင်းပြချက်တိကြောင့် တခြားထေရဝါဒနိုင်ငံတိထက်စာကေတောင် ရဟန်းပညာရေးစနစ်က နလန်ကို မထနိုင်ပါ၊(ဂုခတ်ပြောစွာမဟုတ်ပါ၊ ၁၉၀၀ ဝန်းကျင်ပြောစွာပါ၊ တနာကေ လာဆဲနီကတ်ပင်မေ)၊

ဆရာတော်စွာ ဇာပိုင် ပုဂ္ဂိုလ်မျိုးလေ့ဆိုကေ ယင်းပိုင်အထက်က ပြောခရေ စနစ်တိကို ချိုးဖျက်ခရေ၊ ချိုးဖျက်ဖို့ ကြိုးစားခရေ ဆရာတော်ဖြစ်ပါရေ၊

ဆရာတော်စွာ-

-ရန်ကုန်တက္ကသိုလ်သမိုင်းမာ ပထမဦးဆုံး ရဟန်းဝတ်နန့် ကျောင်းတက်ခွင့်ရခဖူး ရဟန်း

-ရန်ကုန်တက္ကသိုလ်မာ ရဟန်းဝတ်နန့် ပထမဆုံး B.A ဘွဲ့ကိုရခ ရဟန်း

-ကလကတ္တားတက္ကသိုလ်မာ ပထမဆုံး မဟာဝိဇ္ဇာဘွဲ့ကို ရဟိခရဟန်း

-ရဟန်းတော်တိ ဘာသန္တရသင်ကြားရီး၊ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်ရီးအတွက် "ဗုဒ္ဓသာသနသိပ္ပံ"ကို ဦးဆောင်ဖွင့်ခရဟန်း

-ကမ္ဘာအေး ဓမ္မဒူတဝိဇ္ဇာလယ သင်တန်းကျောင်း နာယကအဖြစ် တာဝန်ယူခရဟန်း

-ပြင်သစ်အစိုးရဧ့ ပညာတော်သင်ဆုနန့် ပါရီဆော်ဗွန်းတက္ကသိုလ်မာ ဗုဒ္ဓအဘိဓမ္မာကို သုတေသနပြုခွင့်ရခ ရဟန်း။

-အိန္ဒိယအစိုးရဧ့ ပညာသင်ဆုနန့် ကလကတ္တားတက္ကသိုလ်မာ ပညာသင်ခွင့်ရခရေ ရဟန်း

-ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတိက ရဟန်းတိကို ခေတ်ပညာသင်ကြားဖို့ မြန်မာကို ခေါ်ဆောင်လာခရေ ရဟန်း

-ဗုဒ္ဓသာသနာ့သိပ္ပံကို အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်အဆင့်မြှင့်တင်ဖို့ ကြိုးပမ်းဆောင်ရွက်ခရေ ရဟန်း

ဖြစ်ပါရေ၊

ဆရာတော်ဘွဲ့တော်က "ကေလာသ" ဖြစ်ပါရေ၊

ရဟန်းတိစွာ လောကီစာပီကို သင်ရာဆိုကေ ဂနိပဲ လူထွက်ကျလားဖို့ရာလိုလို၊ ငရဲအိုးကို ထိုးကျလားဖို့ရာလိုလို မြင်နီကတ် အသိုင်းအဝိုင်းကြားမာ ဆရာတော်စွာ ကိုယ်တိုင်လည်း တတ်အောင်သင်ခပိုင် ရဟန်းတော်တိကို စာတတ်ဖို့ အများကြီး မျက်စိဖွင့်ပီးခပါရေ၊

''ဗုဒ္ဓသာသနသိပ္ပံ" ကိုတည်ထောင်ရေခါ ရဟန်းတော်တိတင်မကပဲ လူပညာတတ်တိပါ ထောက်ခံဝန်းရံလာကတ်စွာ တွိ့ရပါရေ၊

ယင်း''ဗုဒ္ဓသာသနသိပ္ပံ" တည်ထောင်သူထဲမာ ထင်းရှားရေ ရခိုင်နှစ်ယောက်လည်းပါရေ၊ ရဲမင်းကြီး ဦးထွန်းလှအောင်နန့် ရာဇဝင်ကထိက ဆရာမကြီးဒေါ်မြစိန် ရို့ ဖြစ်ပါရေ၊ ရဟန်းပညာရီးစနစ်ကို ပြောင်းလဲဖို့လို့ ပြောလိုက်ကေ ငရဲကြီးဖို့ကြောက်ရေ လို့ပြောတိုင်းသားက များကပါရေ၊ ယင်းထက်ဆိုးစွာက သာသနာတခုလုံး ဂနိပဲ ပျက်စီးလားဖို့ရာပုံစံနန့် စိုးရိမ်ပြနီကတ် ဘာသာဝင်အချို့နန့် ရဟန်းအချို့တိက ဟိနီပြန်ပါရေ၊ အတိုချုပ်ပြောရကေတော့ ရဲမင်းကြီး ကိုယ်တိုင်အဖွဲ့ဝင် ပါစွာတောင် အထပ်မမြောက်ပဲ ဗုဒ္ဓသာသနသိပ္ပံကျောင်းကို ဖျက်သိမ်းပီးလိုက်ရအဆင့်ထိပါ၊

ဆရာတော်စွာ ပြင်သစ်က ဆွစ်ဇာလန်အကူးမာ ကားမှောက်တွက်နန့် ဦးခေါင်း ဒဏ်ရာရဟိခရေ။ ပါရီ ဆီးရုံမာ ၂၁-ရက်လုံးလုံး မေ့မျောခကေလေ့ အသက်ဘေးက လွတ်မြောက်ပနာ တဖြည်းဖြည်း မှတ်ဉာဏ်ချို့ယွင်း သတိကင်းလွတ်လာရာက ကမ္ဘာ့ဗုဒ္ဓသာသနာပြုလုပ်ငန်းတိ ရပ်ဆိုင်းခရရေ၊

သက်တော် ၇၆ သိက္ခာ ၅၇ ဝါမာ ရန်ကုန်မြို့ မြောက်ဥက္ကလာပ ရန်အောင်တိုက် အောင်သာဝတီတိုက် ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၉-ရက်နိမာ တစ်ဘဝ ချုပ်ငြိမ်းခဲ့ရပါရေ။

ဆရာတော်၏ လုပ်ရပ် အကျိုးဆက်အနိန်နန့်ကတော့ခါ ယင်းနောက်ပိုင်း တိပိဌက မင်းကွန်းဆရာတော်လမ်းညွန် ဦးဆောင်မှုနန့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ကို ၁၉၈၆ ခုနှစ်လုပ်ခွင့်ရလာရေ၊ ယေကေလည်း ကန့်သတ်ချက်တိ တပုံတခေါင်းကြီးနန့် တိပိဌကဆရာတော်ဆိုခါ ဘုရားစာတိနန့်လည်း ကိုင်မပေါက်ရဲကတ်အတွက်နန့် တလမချေလောက် အထိမြောက်လာရေ၊ သဘောဟိပါရေ၊

နောက်တဆင့်တက်နိုင်ဖို့ ရဟန်းတော်တိအားလုံးကိုပါ ပညာရီးစနစ်တစ်ခု ပြောင်းလဲ ပီးနိုင်ဖို့ ၁၉၉၀ သံဃာပေါင်းစုံအစည်းအဝေးမှာ လက်ဟိရဟန်းပညာရီး(ပထမပြန်)မာ ဘာသန္တရသင်ကြားရီး၊ အင်္ဂလိပ်ဘာသာတစ်ဘာသာထည့်ရီး တောင်းဆိုကတ်တေ၊ ယကေလည်း အထက်ကပြောခအတိုင်း အကြောင်းပြချက်မျိုးစုံတိ နန့်ရာ ပယ်ချခံလိုက်ရရေလို့ ဖတ်ရရေ၊

ဒုတိယအကျိုးဆက်တခု အနိန်နန့် ၁၉၉၈ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် (International Theravada Buddhist Missionary University) ကို တည်ထောင်ခွင့်ရလာရေ၊

ပထမပြန်တိ အတွက်ကတော့ ဂုတိ ဘာသန္တရသင်ကြားရီး နန့် အင်္ဂလိပ်ဘာသာသင်ကြားရီစွာ မစားကောင်းရေ အသီးတိဘဝမာ ဟိနီတုန်း၊ (အသီးဆိုရေ အမျိုးကလည်း တည့်လူနန့် တည့်ပိုင် မတည့်လူနန့် မတည့် ယပိုင်လားတော့ မသိပါရာ)။

ဇာပဲပြောပြော ဆရာတော်ဧ့ ရဟန်းပညာရီးထိုးတက်ဖို့ ကြိုးစားခမှုစွာ အရာထင်စပြုလာရာလို့ ပြောရလို့ ရလာပါရေ၊ ဆရာတော် အတ္ထုပ္ပတ္တိ ဖတ်နီရင်းနန့် လွန်ခရေ ဆယ်နှစ်ကျော်လောက်ကို ပြန်သတိရလားစီပါရေ၊

သာကေတ, တောင်ဉက္ကလာ, မြောက်ဉက္ကလာ လှည်းတန်း, သမိုင်း အဟိရေ နီရာတိမာ ရဟန်းပျိုတိ စာအုပ်ချေတိ လွယ်ပြီးကေ ဆရာသမားခွင့်မပြုကေတောင် အဂ်လိပ်စာသင်ချင်လို့ ခိုးထွက်ပြီးကေ မရှက်မကြောက်နိုင် တိုးဝှက်နီကတ်စွာတိ အပြည့်ပါ၊ ရန်ကုန်တစ်ခုတည်းလားဆိုကေ မဟုတ်ပါ၊ မန္တလေး၊ ရခိုင်မာဆိုကေလည်း ကျောက်ဖြူရို့ စစ်တွေရို့ ကန်ကားမကန်ပါ၊

ယေဒါလည်း သံဃာတိ ကျောင်းကခိုးထွက်လို့ ရာ အပြစ်တာလာကတ်ပြီးကေ ဒေသံဃာတိ ဇာပိုင် ပညာရီးစနစ်ကို တောင့်တ နီကတ်စွာလဲ၊ တယောက်လည်း မေးခွန်းမထုတ်ခပိုင် မပြုပြင်ပီးခကတ်ပါ၊ မနီချင်ကေ လူထွက်ဆိုရေ ရာဇသံတိကြောင့်ရာ ရှက်ရှက်နန့် လူထွက်ပီးလိုက်စွာလည်း ကျန်ကားမကျန်ပါရာ၊ လုံးဝမတတ်သာအဆုံး ရှာကြံပြီးကေ ပြည်ပကို ထွက်ခွါ ပညာရှာရရေအဆင့်အထိ ဖြစ်ကုန်ရေ၊

ကိုယ့်အကြောင်းတဖဲ့ချေလောက်ပြောကြည့်ပါမေ၊ ထိုင်းမလာခင်မာ ဇာတစ်ခုစိတ်ပေါက်လည်းဆိုကေ ဘဝမာတက္ကသိုလ်တစ်ခုခုလောက်ကတော့ တက်ဖူးခချင်သိမ့်ရေဆိုရေ အတွေးနန့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ကိုတက်နိုင်ဖို့ကြိုးစားခပါရေ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဝင်ခွင့်စည်းကမ်းကတော့ ရိုးရှင်းပါရေ၊ အကြီးတန်းအောင်ရဖို့-ဘာသန္တရ ဗဟုသုတဟိရဖို့ အင်္ဂလိပ်စာကို အရေး အဖတ် အပြော ကျွင်းကျင်ရဖို့ စည်းကမ်းကကောင်းကောင်းလည်း မများပါ၊

ဟုတ်ရာ-

ဘာသန္တရ ဗဟုသုတ အတွက်ကတော့ စာဖတ်ရဖို့ ဖြစ်တွက်နန့် ရသမျှစာအုပ်တိဝယ်ရေ၊ ရရေ စာအုပ်တိုင်း ကောက်ဖတ်တေ၊ နောက်တစ်ခု အင်္ဂလိပ်စာကို အရေး အဖတ် အပြော ရရဖို့ဆိုခါ အချေခါကပင် မောင်သျှင်ဝတ်လာရေ၊ ဂုအကြီးတန်းလည်းအောင်ပြီးရာ ဘဝတလျှောက်လုံး တောင် A,B,C,D တလုံးလည်း မသင်ခရပဲနန့် ဇာပိုင်ပြင်ရဖို့လဲ၊ တက္ကသိုလ်ကလည်းတက်ချင်ရေ၊(ယင်းချိန်တွေးမိစွာက-သာသနာ့တက္ကသိုလ်,ပထမပြန် နှစ်ခုလုံးက အစိုးရကိုင်ထားချင်းတူတူ ပထမပြန်အောင်ကေ တက္ကသိုလ်လျောက်ခွင့်လွယ်အောင် အဂ်လိပ်စာနန့် ဘာသန္တရဇာလို့ မထည့်ချင့်လို့တွေးမိခယင့်)

ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် တက်ဖို့ကြည့်ပြန်ကေလည်း ဘွဲ့တစ်ခုခု ရရဖို့ဆိုခါ ကိုယ်ကဘွဲ့မရသိမ့်တွက်နန့် လက်လှန်းမမှီ။

ကျောင်းမာလည်း အဂ်လိပ်စာ မသင်ပီး၊ အပြင်ထွက်သင်ဖို့လဲ ခွင့်မပြု၊ ယေကေ ရသမျှအဂ်လိပ်စာအုပ်တိမြန်မာအသံထွက်နန့် ကောက်အော်၊ နိခင်းဖက်ဘုန်းကြီး ကျိန်းနီချိန်ဆိုကေ ဆရာကြီးဦးမြကြိုင်သင်တန်းမာ ထောင့်ချေက ထိုင်ပြီးကေ နောက်ကလိုက်ဆို။ တနှစ်လောက် ကြာလာရေအခါမာ သာသနာ့တက္ကသိုလ် ဝင်ခွင့်လားဖြေပါရေ၊ ထင်ထားစွာက ဗဟုသုတဆိုစွာ ကိုယ်ရို့နယ်ပယ် ဘာသာရီးစာအုပ်တိထဲက အကြောင်းအရာဖြစ်လောက်ဖို့ ထင်ထားစွာ ဇာဟုတ်ဖို့လဲ၊ တကမ္ဘာလုံးက အကြောင်းအရာတိ မီးထားစွာမလား။ ကျပါရေ တနှစ်။

နောက်တနှစ်ဖြေဖို့ယကေ၊ ပြင်ပ ဗဟုသုတ လိုက်ယှာဖတ်ရပြန်ရာ၊ နောက်နှစ်မာဝင်ဖြေပါရေ၊ ဗဟုသုတတော့ ဖြေနိုင်လာရာ၊ အဂ်လိပ်စာ အက်ဆေးရီးခိုင်းခါ နားကားပါလား၊ ဒုတိယမ္ပိကျပါရေ၊

နောက်နှစ်ပြင်ဆင်ပြီးကေ လားပါရေ၊ နှစ်ခုလုံး ရီးဖြေအောင်ပါရေ၊ နောက်တဆင့် အင်တာဗျူးဖို့လားရေ၊ မိန်းစွာက အဂ်လိပ်ပိုင် သူရို့မိန်းစွာတော့ တလုံးတလီ နားလည်လာပါရာ၊ ဗုဒ္ဓဝင်ကိုအဂ်လိပ်ပိုင် နားလည်ပိုင် ရှင်းပြဆိုခါ imm it is in.. ယပိုင်နန့် တတိယအကြိမ်ကျပါရေ၊

ပြောရကေ သုံးနှစ်မြောက်ယင်းနှစ်မာ လက်လျော့လိုက်ပါရေ၊ လုပ်ချင်စိတ်တိကုန်လားပိုင် စိတ်ဓာတ်တိကျဆင်းလားပါရေ၊ ထွက်ပေါက်ရှာအနိန်နန့် အဂ်လိပ်စာ အပြောကိုဇိကေ ထပ်လုပ်ပြီးကေ ထိုင်းဖက်ထွက်လာပါရေ၊

မဟာချုလာမာဝင်ခွင့်ဖြေရေ အောင်ရေ၊ အင်တာဗျူးဖြေရေအောင်ရေ၊ တက္ကသိုလ်ပညာရပ်တခုကို ချောချောမွေ့မွေ့ လုပ်ခွင့်ရလားရေ၊

ပညာရီးစွာ အရေးကြီးကြောင်း မိုးမောင်းထိုး အော်နီကတ်ရခေတ်မာတောင် ပညာရီး စနစ်တစ်ခုကို လားဖို့ ရဟန်းစာသင်သားတိ ဒေလောက်ရုန်းနီကတ်ရကေ ဆရာတော်ရို့လက်ထက်က ဇာပိုင်ပုံစံမျိုးဟိခတ်လီဖို့လဲ တွိးကြည့်ရင်း ရင်းလီးမိရေ၊

ဆရာတော်ပါးက အတွိးတစ်ခုတော့ ရလိုက်ပါရေ၊ ပညာရီးဆိုစွာ ဘောင်ခတ်ထားဖို့အရာမဟုတ်၊ ပညာရီး မှန်ကေ နယ်စုံဝင်ဆံ့ရပါဖို့၊ ပညာရီးဆိုစွာ ခေတ်စနစ်ထဲ ပါဝင်မူတိကို အကဲခတ် နားလည်တတ်အောင် သင်ယူရရေ ပညာ၊

ဆရာတော်ကတော့ ရဟန်းတော်တိကို ပညာရေးစနစ်ပြောင်းလဲဖို့ ကြိုးစားခရေ၊ ပြောင်းလဲနိုင်ဖို့လို့လဲ မျော်လင့်ခရေ၊

ဇာလောက်ထိ ပြောင်းလဲ နိန်ရာလဲလို့လဲ ကိုယ့်ကို မေးခွန်းထုတ်သုံးသပ်ကြည့်မိပါရေ၊

နောက်လာဖို့ နှစ် နှစ်ဆယ်ကိုလည်း မျော်ကြည့်မိပါယင့်၊---။

ဇာလောက်ထိ မျော်လင့်ချက်တိ ကျန်ကတ်ပါလီဖို့သိမ့်လဲ--။


#YaThaWinTha

==မှီငြင်း==

*မောင်ဇေယျာ (၂၀၁၅ - ခုနှစ်)။ ရှင်ကျော် ၁၀၀ (ဒုတိယတွဲ)။ ရန်ကုန်မြို့: ပဉ္စဂံစာအုပ်တိုက်

*နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(တရား၀င်Website)

*ITBMU (တရား၀င်website)

*သာသနာရီးဝန်ကြီးဌာန(၂၀၀၈)။ ပရိယတ္တိသာသနာ့တက္ကသိုလ် ပါဠိစာပေသင်ယူပို့ချမှုအဆင်မြင့်တင်ရေး နှီးဖလှယ်ပွဲ ပညာများ၏ စာတမ်းများ