နာမည်ထဲက အမှားတိ

Article Cover

နာမည်ထဲက အမှားတိ

=============

အမှား(၁)

နာမည်အကြောင်း ပြောရတော့ ကိုယ့်နာမည်က အရင် အစပြုရဖို့ ထင်ပါရေ၊

"YaThaWinTha" ဒေနာမည်စွာ Passport ရုံးက ပီးလိုက်ရေ နာမည်ဖြစ်ပါရေ၊

အမှန်က ယဿဝံသ(Yatthavaṃsa),(Yassavaṃsa) လို့ ရဟန်းဘွဲနာမည်ဖြစ်ရဖို့စွာပါ၊

ပါဠိပိုင်မရီးလိုက်ဘဲ လူတိနာမည်ရီးပိုင် YaThaWinTha လို့ ရီးပီလိုက်တေခါ တချို့က ရဟန်းနာမည်လို့ကားမသိ၊

လူနာမည်ပီးထားပါကားလတ်။ ဂုနာမည်လေ့ မဆိုးကားရေလို့ရာ အရှက်ပြေဖြေနီရလီယင့်။

ထိုင်းတိမာပိုင် မွီးစာရင်းနာမည်(Birth Name), မျိုးရင်းနာမည်(Surname/FamilyName), ပီးနာမည်(Given Name /Personal Name), ဗုဒ္ဓဘာသာနာမည်(buddhist names) လို့ခွဲနာပီးထားကေတော့ ရီးရစွာ တမျိုးရာလေ့။

Surname=YaThaWinTha

buddhist names= Ven,Yassavaṃsa

ယပိုင်ဆိုကေတော့ အဆင်ပြေနီလီယင့်။ ကိုယ်တယောက်နာမည် အမှားလားမှတ်တေ မဟုတ်ပါ၊ ပြည်ပထွက်လာရေ ကိုယ်တော်တိုင်း

Passportစာအုပ် ကြည့်လိုက်ကေ လူအရီးအသားနန့် နာမည်ကများနီပါရေ။

(အမှား ၂)

နိုင်ငံတကာနာမည်တိမှာလည်း Given Name /Personal Name ဟိစွာကို လက်ခံပါရေ၊ မြန်မာနိုင်ငံမာလည်း ဟိပါရေ၊ မြန်မာနိုင်ငံမာ ရဟန်းဆိုကေ ရှင်,အရှင်,ဦး လူဆိုကေ ဦး,ဒေါ်,မ,မောင် ကိုဟိပြီးသား နာမည်ရှိ့မာ ထည့်ပီးရပါရေ။ ယကေလေ့ ရခိုင်နာမည်ပီးစနစ်ကို နားမလည်ဘဲ ရခိုင်လူနာမည်တိထဲက ပါပြီးသား ဦး ၊မောင် ၊ မ တိကို Given Name /Personal Nameနဲ့ တူရေ ထင်ပနာ ဖျက်ပစ်စွာကတော့ သရုပ်ပျက်လွန်းပါရေ၊

ရခိုင်နာမည်ပီးစနစ်မှာ သားဦး၊ သမီးဦးတိဆိုကေ နာမည်မာ "ဦး" မဟုတ်ကေ "ဝေ" ထည့်ပီးပါရေ၊ "ဦး" နန့် "ဝေ" ကို နာမည် ရှိ့၊ နောက်၊ အလယ်ဇာမာထားထား ရပါရေ။ ဥပမာ-ဦးကျော်ထွန်း၊ ကျော်လှဦး၊ မောင်ဦးကျော်၊ မောင်ဝေနု၊ ဝေသာအောင်၊ ကျော့ဝေစိန်၊ မမြဦး

ဆယ်ကျော်သက်ကောင်ချေ ဦးကျော်ထွန်း မာ ဦးက လူကြီးတိ ပါးမာ သုံးစွာဆိုပြီးကေ ဖြုတ်ပစ်ခလို့ မရပါ၊ ဖြုတ်ပစ်ခကေ သူအကြီးဆုံးသားဖြစ်ကြောင်း သတ်မှတ်ခ နာမည်စနစ် ပျက်လားပိုင် ကျော်ထွန်းလို့ ပြောကေတောင် သိကတ်ဖို့စွာ မဟုတ်ပါ၊

အသက်ကြီးလာခါ ဦးဦးကျော်ထွန်း လို့ရာဖြစ်သင့်ပါရေ၊

ယင့်နည်းတူစွာ မောင်ဝေနု ဆိုရေ အခင်ကြီးတစ်ယောက် ဆိုပါဖိ၊ အသက်ကြီးပါရာ ဇာလုပ်ဖို့ မောင်ထည့်ဖို့သိမ့်လေ့ ဆိုပနာ မောင်ကိုဖြုတ်ပစ်ခလို့ မရပါ၊ ယင့်မောင်စွာ မိသားစု မျိုးရိုးကြည့်နာပီးထားစွာပါ၊ အသက်ငယ်ကေ မောင်မောင်ဝေနု၊ လူလတ်ကေ ကိုမောင်ဝေနု၊ အသက်ကြီးကေ ဦးမောင်ဝေနု ယင့်ပိုင်ရာ ဖြစ်ရပါဖို့၊

နောက်တစ်ခုက "မ" တိုင်းစွာ အသက်အငယ်ကို မရည်ညွန်းပါ၊ အဘောင်သျှင် မမြဦး ကို မကြီးမငယ် ဇာလုပ်ဖို့ ''မ" ထည့်နိန်ဖို့လေ့ ဆိုပနာ ဒေါ်မြဦး ဆိုပြီးလားလုပ်လို့ မရပါ။ ဒေါ်မမြဦးရာ ဖြစ်သင့်ပါရေ၊

ယင်းပိုင်နာမည် ပီးစနစ်စွာ ဗမာတိမာ မဟိကေလည်း ရခိုင်တိမာ ဟိပါရေ၊ စာရီးမတိ လူတတ်ကြီး လုပ်ပစ်လို့ ရခိုင်ရွာတိမာ ဦး ၊မောင် ၊ မ တိ လမ်းမရလိုက် ဆိုယင့်။

(အမှား ၃)

ရခိုင်နန့် ဗမာစွာ ဖိုနစ်တက် အသံထွက် မတူစွာ အားလုံး အသိဆုံးပါရာ။ ယကေလည်း ဗမာအသံထွက်စနစ်ကို သင်ခရရေခါ ရခိုင်နာမည်တိကို ဗမာအသံထွက်စနစ်အတိုင်း ခေါ်ကေ မပီသနိုင်ပါ၊

ရခိုင်နာမည်ကို ရခိုင်အသံထွက် စနစ်နန့် ရီးမှရာ နနောင်းဟိန်းဟိန်း ကျပါရေ၊ ပီလည်းပီပါရေ၊

ဥပမာ- အောင်မင်းကျော် -ဗမာပိုင် - Aung Min Kyaw ရခိုင်ပိုင် Oung Munn Gyaw ဆိုကေ ပိုလေးနက်လားစီပါရေ၊

အေချင့်ကိုက အမှားတစ်ခုလို့တော့ မပြောလိုပါ၊ ကိုယ်ရို့မာက ဖိုနစ်တက်စနစ်တစ်ခုကို ခိုင်ခိုင်မာမာ မချပြထားရသိမ့်ဆိုခါ အားသန်ရာစွာသည် အမှန်တရားဖြစ်နီပါရေ၊

အောက်မာတော့ ရခိုင်ထင်ယှားနာမည်တိထဲက ရခိုင်ဖိုနစ်တက် နန့် ရီးထားရေ၊ နာမည်ဇိကေကို စစ်ထုတ်ကြည့်ထားပါရေ၊

နောက်ထပ်မတူညီ အသုံးတိ ဟိခကေလည်း ကွန်မင့်ရီးပီးခပါ၊ ထင်မြင် ယူဆချက်တိကိုလည်း ရီးပီးခပီးပါ၊

ပြည့်စုံရာဆိုခါ ကာဗာတာတခု လုပ်ပီးပါမေ၊

ကျော်> K+yaw =Gyaw -အောင်မင်းကျော် -Oung Munn Gyaw

ကြိုင် > K+R+ai =Krai -နန်းဦးကြိုင် -Nann Oo Krai

ကြီး > G+r+ee =Gree -လှမေကြီး -Hla May Gree

ချေ > Ch+ay =Chay -ခိုင်ချေ -Khine Chay

ခိုင် > Kh+ine =Khine -နှင်းအေးခိုင်-Nhun Aye Khine

စံ > S+an =San -စံကျော်လှ-San Kyaw Hla

စိုး > Z+O =Zo -အိမ်စိုးဖြူ-Ein Zo Pru

စော > S+aw =Saw -စောသျှင်မေ-Saw Shun May

ဇံ > Z+an =Zan -မြအိမ်ဇံ-Mra Ein Zan

ဇာ > Z+ar =Zar -နှင်းဇာဖြူ-Hnun Zar Phru

ဇော် > Z+aw =Zaw -ထွန်းဇော်လင်း-Twan Zaw Lorn

ညို > N+yo =Nyo -ညိုထွန်း-Nyo Twan

ထက် > Ht+et =Htet -ထူးမြတ်ထက်-Htoo Mrat Htet

ထွန်း > T+w+an =Twan -ထွန်းမြတ်-Twan Mrat

ထွီး > ht+w+ee =Htwee -သျှင်ထွီးမေ-Shun Htwee May

ထူး > ht+oo =Htoo -ထူးမြတ်ထက်-Htoo Mrat Htet

နန်း > N+ann =Nann -နန်းဦးကြိုင်-Nann Oo Krai

နွယ် > N+w+e = Nwe -မြနန်းနွယ်-Mra Nan Nwe

နွေ > N+w+ay =Nway -နွေဦး-Nway Oo

နှင်း > Nh+un =Nhun -နှင်းအေးခိုင်-Nhun Aye Khine

နှင်းဇီ > Nh+un+ze =Nhunze -စောနှင်းဇီခိုင်-Saw Nhunze Khine

နိုင် > N+aing = Naing -ရဲဝင်းနိုင်-RayWongNaing

နု > N+u =Nu -နုအောင်ကျော်-Nu Aung Gyaw

ပန်း > P+an =Pan -ပန်းသဇင်-Pan Thazun

ပြည့် > P+r+ae = Prae -စောပြည့်သျှင်- Saw Prae Shun

ဖြိုး > Ph+r+o =Phro -ဖြိုးချေ-Phro Chay

ဖြူ > Ph+r+u = Phru -စောယိုင်ဖြူ-Saw Yai Pru

ဘု > B+u =Bu -လှဘုမ-Hla Bu Ma

မင်း > Mo+r+n =Morn -လမင်းထွန်း-La MornTwan

မျိုး > M+y+o =Myo -မျိုးမြတ်သူ-Myo Mrat Thu

မြ > M+r+a =Mra -ဦးမြသိန်း-Oo Mra Thein

မြတ် > M+r+at =Mrat -မြတ်လင်းဇံ- Mrat Lurn Zan

မြောက်> M+r+auk =Mrauk -မြောက်ဦး-Mrauk-U

မိုး > M+o =Mo -စံမိုးသူ-San Mo Thu

မေ > M+ay = May -မေအောင်-May Oung

မောင် > M+aung =Maung -ဦး၀င်းမောင်-Oo Wunn Maung

ယိုင် > Y+ai =Yai -စောယိုင်ဖြူ-Saw Yai Pru

ရွှေ > Sh+oay =Shoay -ရွှေခိုင်လင်း-Shoay Khine Lunn

ရိုး > R+o =Ro -ရိုးလှသန္တာ-Ro Hla Thanda

ရဲ > R+ay =Ray -ရဲဝင်းနိုင်-RayWongNaing

လင်း > Lo+r+n =Lorn -မြတ်လင်းဇံ- Mrat Lurn Zan

လှ > Hl+a = Hla -စံကျော်လှ-San Kyaw Hla

လုံး > Lo+ne =Lone -လုံးလုံး-Lone Lone

ဝင်း > Wo+ng =Wong/Wunn -ရဲဝင်းနိုင်-RayWongNaing

ဝေ > W+ai = Wai -အောင်ဇံဝေ-Aung Zan Wai

သဇင် > Th+a+z+un =Thazun -သဇင်ဖြူ-Thazun Phru

သန္တာ > Th+an+d+a = Thanda -သန္တာအေး-Thanda Aye

သျှင် > Sh+un = Shun -စောသျှင်မေ-Saw Shun May

သိန်း > Th+ein = Thein -ဦးမြသိန်း-Oo Mra Thein

သူ > Th+u = Thu -စံမိုးသူ-San Mo Thu

အစော > Ah+S+aw =AhSaw -အစောချေ-Ah Saw Chay

အလှ > Ah+l+a =Ahla -အလှသျှင်မေ-Ahla Shun May

အိမ် > E+in =Ein -မြအိမ်ဇံ-Mra Ein Zan

အေး > A+ye = Aye -အေးချေ-Aye Chay

အောင် > O+ung /A+wng =Oung /Awng -မေအောင်-May Oung/အောင်ဇံဝေ-Aung Zan Wai

ဥာဏ် > N+y+an =Nyan -ဦးဥာဏ်ထွန်း-Oo Nyan Twann

ဦး > O+o / U=Oo / U -ဦးထွန်း၀င်း-Oo Twan Wunn

"အပြစ်တင်ခြင်း,ဝေဖန် လီကန်ခြင်းထက် ထောက်ပြ အကြံပြုပနာ ရှိဆက်ပါ"


#YaThaWinTha