ထိုင်းနိုင်ငံနန့် သံဃာ့ဂိုဏ်းဂဏသို့ ပျောကြည့်ခြင်း
----------------------------------------------
အတွိ့အကြံချေနန့် အရင် စလိုက်ပါမေ၊ ရန်ကုန်မာ သံဃာမှတ်ပုံတင်လားလုပ်ရေခါ လိုအပ်ရေ အချက်တိ ဖြည့်နီရင်းနန့် မြို့နယ်သာသနာရီးဦးစီးက လာမိန်းပါရေ။ အသျှင်ဘုရား ဇာဂိုဏ်းကပါလဲ။ မသိကားတကာကြီးလို့ ဖြေလိုက်နန့်ရာ။ အဂင့် မသိစွာပါ။ စာထဲမာတော့ မြန်မာထဲနိုင်ငံထဲက သံဃာ့ဂိုဏ်(၉)ဂိုဏ်းဟိကြောင်းတော့ သင်ဖူးခယင့်။ အချက်အလက်ကြည့်ခါမှ ဖြည့်ရဖို့ထဲမာ -မူလဉပဇ္စျာဆရာ ဘွဲ့တော်နန့် ဂိုဏ်း ပါနိန်ပါရေ။ မသိကေ သုဓမ္မာလို့ ထည့်လိုက်ပါမေ အသျှင်ဘုရားလတ်။ ထည့်တကာကြီးထည့်။ ယပိုင်နန့် သုဓမ္မာဂိုဏ်းဝင် ဖြစ်လာခလီသတည်း။
ဘာသာတရားတစ်ခုဆိုစွာ အယူဝါဒနန့် ဖွဲ့စည်းထားရေဆိုခါ နှစ်တိကြာလာရေ အလျောက် အမြင်တိကွဲလာပြီးကေ သူမှန်ရေ၊ ကိုယ်မှန်ရေ ဆိုရေ သံသယတိကြားမာ ဂိုဏ်းဂဏတိ ဆိုစွာလေ့ ဖြစ်လာ ရစွာဖြစ်ပါရေ။ ဗုဒ္ဓဘာသာချင်းတော့ခါ တူရေ ယကေလေ့ သုတ္တံထဲက အမြင်မတူ လာကတ်စွာတိဟိဖို့။ ဝိနည်းထဲက အမြင်မတူလာကတ်စွာ ဟိဖို့။ အဘိဓမ္မာထဲက အမြင်မတူ လာကတ်စွာ ဟိဖို့။ ဓလေ့တိနန့် အမြင်မတူ ကတ်စွာဟိဖို့ ။ စသည် စသည်နန့် ဒုတိယ သင်္ဂါယနာ တင်ပြီးခါကပင် ဂိုဏ်းဂဏဆိုရေအသံက ကျကျယ်လလောင် ကြားလာရပါရေ။ ဗုဒ္ဓဘာသာမာ ဗွီလာဦးကပင် သမိုင်းတစ်လျှောက် ဒေသအလိုက်၊ အယူအဆအလိုက်၊ ကျင့်ထုံးအလိုက်နန့် ကွဲပြားလာခကတ်ပါရေ။ အကျဉ်းချုပ်ကြည့်ကေ-
ထေရဝါဒ (Theravāda)ဂိုဏ်း(သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နန့် အိန္ဒိယ အချို့ဒေသတိပါဝင်)။ မဟာယာန (Mahāyāna)ဂိုဏ်း (တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ တိဗက်နန့် အိန္ဒိယအချို့ဒေသတိ)။ ဝဇီရာယာန (Vajrayāna) ဂိုဏ်း(တိဗက်၊ ဘူတန်၊ နီပေါ၊ မွန်ဂိုလီးယား၊ အိန္ဒိယ)။ ဇင် (Zen) ဂိုဏ်း( ဂျပန်နန့် ကိုရီးယား)။ သုဒ္ဓဗုဒ္ဓ (Pure Land), တိဗက်ဗုဒ္ဓဘာသာ ,နီချီရန်း (Nichiren) စသည်အားဖြင့် အများကြီးပါ၊ ဒေချင့်က နိုင်ငံတိအဆင့်ရာဟိပါသိမ့်ရေ။ ယင့်နိုင်ငံတစ်ခုချင်းမာတောင် ဆရာအလိုက် ဒေလိုက်အလိုက်နန့် ဂိုဏ်းတိက ထပ်ကွဲပါသိမ့်ရေ။
ဒေနိထိုင်းနိုင်ငံ သံဃာ့ဂိုဏ်းဂဏအကြောင်းဖက်ကို ဇိကေလောက် ပျောကြည့်ကတ်ပါမေ။
ထိုင်းနိုင်ငံစွာ ထေရဝါဒဗုဒ္ဓဘာသာ နိုင်ငံထဲက တစ်ခုအပါအဝင်ဖြစ်ပါရေ။ ဂိုဏ်းဂဏ ကွဲပြားမူ အနည်းဆုံး နိုင်ငံမာလေ့ ပါဝင်ပါရေ။ အဓိကဂိုဏ်းနှစ်ခုရာ ဟိပါရေ။
မဟာနိကာယ (Mahānikāya)ဂိုဏ်း- ထိုင်းနိုင်ငံဟိ သံဃာတော်တိ ၉၅% ခန့်စွာ ဒေဂိုဏ်းမာပါဝင်ပါရေ။
အဝါရောင်သင်္ကန်းကို ဝတ်ဆင်ကတ်ရေ။
ဓမ္မယုတ္တိကနိကာယ (Dhammayuttika Nikāya)ဂိုဏ်း- သံဃာတော် ခန့်မှန်းခြီ ၅% ခန့်လောက်ရာ ဟိပါရေ။(ဝိနည်းတင်းကြပ်)
အနီရောင်သင်္ကန်း (သို့) အညိုရင့်ရောင်သင်္ကန်းဝတ်ဆန်ကတ်ရေ။
မဟာယာန နန့် ဝဇိရယာန လေ့ ဟိပါရေ၊ ယေကလည်း -1%ရာခိုင်နုန်းလောက်ရာဟိပါရေ၊
နောက်ထပ် Dhammakaya(ဓမ္မကာလကျောင်းတော်)လေ့ ဂိုဏ်းတစ်ခုအဖြစ်စာရင်းတင်ထားကေလည်း ခွင့်ပြုချက်တော့ ရရေမကြားရပါသိမ့်။
မဟာနိကာယနန့် ဓမ္မယုတ္တိကနိကာယ ဂိုဏ်းနှစ်ခုလုံးစွာ ဝိနည်းအရအယူအဆ ဇိကေလွဲကေလေ့ အားပြိုင်မူတိ မဟိပါ။ ကိုယ့်ယုံကြည်ရာ ယုံကြည်ရာသာဖြစ်တွက်နန့် ဘာသားရီးဆိုင်ရာ ၊ ပညာရီးဆိုင်ရာ ညှိနှိုင်းမှုတိမာ ဘုန်းတော်ကြီးကျောင်းပညာရီးစနစ်ကို ညှိနှိုင်းပြီးကေ ပါဝင်ဆောင်ရွက် ခကတ်ပါရေ။ ဘုရင်ကြီးက ၁၉၀၂ ခုနှစ် သံဃာ့အက်ဥပဒေ (Sangha Act) ကို ပြဋ္ဌာန်းခပြီးကေ၊ ယင့်အက်ဥပဒေတိုင်းရာ သံဃာ့စာမေးပွဲတိ၊ သင်ရိုးညွှန်းတမ်းတိနန့် ပညာရီး စံချိန်စံညွှန်းတိကို စနစ်တကျဖြစ်စီ ခပါရေ။ ၁၉၆၃ ခုနှစ်မာ သံဃာ့အုပ်ချုပ်ရီးကောင်စီ (Sangha Supreme Council) ကိုဖွဲ့စည်းပြီးကေ သံဃာ့အုပ်ချုပ်ရီးကောင်စီချမှတ်လိုက်ရေ မူဝါဒနန့်ရာ လည်ပတ်ရပါရေ။ ဘုရားသျှင်ခေတ်က ဒေပိုင်မနိန် ဘာညာသာလာကာ လာညီးပြနီဖို့ အချိန် မဟိပါ။ ငါ့ဂိုဏ်းအယူဝါဒနန့်လေ့ မအပ်စပ်၊ ဘာညာလေ့ လုပ်ပြနီခ္ငင့်မဟိပါ။ တကာ၊ တကာမတိကိုလေ့ မိုင်းတိုက်ခွင့်မဟိစီရပါ။ ထိုင်းသံဃာစွာ ဇာဂိုဏ်းဖြစ်ပါစီ။ သံဃာ့အုပ်ချုပ်ရီးကောင်စီက ချမှတ်လိုက်ရေ မူဝါဒတိုင်းရာ ဖြစ်ရပါဖို့။ ဝိနိစ္စယဆုံးဖြတ်ကိုရာ ခံယူရပါဖို့။ ဒေချင့်သည် ဘာသာရီး စနစ်တစ်ခု ဖြစ်ပါရေ။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဟိရေ၊ အများနန့်ဆိုင်လာရေခါ စနစ်ကိုတော့ ဝင်ရူပ်ခွင့်မပီးပါ။ စနစ်ထဲမာရာ လူတိုင်းပါဝင်ခွင့်ဟိပါရေ။ သံဃာ့အုပ်ချုပ်ရီးစနစ်မာ အပိုင်း(၆) ပိုင်းပါဝင်ပါရေ။
၁။ ထိုင်းဘုရင်
- သံဃာ့ရာဇာကို ထိုင်းဘုရင်ကရာ ခန့်အပ်ပီးရပါဖို့။
- သံဃာ့ရာဇာနန့် တိုက်ရိုက်ဆက်နွယ်မူဟိရန်။
၂။ သံဃာ့ရာဇာ (Sangharaja)
- သံဃာတော်တိကို ဦးဆောင်ခြင်း။
- နောက်ဆုံးအဆုံးအဖြတ်ပီးခြင်းနန့် မူဝါဒချမှတ်ခြင်း။
- သံဃာ့အုပ်ချုပ်ရီးကောင်စီကို ကြီးကြပ်။
- ဘုရင်က ခန့်အပ်ရန်။
၃။ သံဃာ့အုပ်ချုပ်ရီးကောင်စီ (Supreme Sangha Council)
- နိုင်ငံတစ်ဝန်း သံဃာ့ရီးရာမူဝါဒတိ ချမှတ်ခြင်း။
- ဝိနည်းစည်းကမ်း ကြပ်မတ်ခြင်း။
- သံဃာ့ရာဇာ အောက်မာ လုပ်ကိုင်ရန်။
- ဒေသဆိုင်ရာ သံဃာ့အုပ်ချုပ်ရီးနန့် ဆက်သွီရန်။
၄။ ဒေသဆိုင်ရာ သံဃာ့အုပ်ချုပ်ရီးမှူးတိ
- ပြည်နယ်နန့် ခရိုင်အလိုက် သံဃာတော်တိနန့် ကျောင်းတိုက်တိကို ကြီးကြပ်ခြင်း။
- ဒေသတွင်း ဘာသာရီးလုပ်ငန်းတိ စီမံခြင်း။
- သံဃာ့အုပ်ချုပ်ရီးကောင်စီဧ့ ညွှန်ကြားချက်တိကို အကောင်အထည်ဖော်ခြင်း။
၅။ ကျောင်းထိုင်ဆရာတော်တိ
- ဘုန်းတော်ကြီးကျောင်းတစ်ခုစီ ဦးဆောင်ခြင်း။
- သံဃာတော်တိ ဝိနည်းကျင့်စဉ်နန့် ကျောင်း ဘဏ္ဍာရီးစီမံခြင်း။
- ဒေသခံဂေါပကအဖွဲ့တိနန့် ပူးပေါင်းဆောင်ရွက်ခြင်း။
- ဒေသဆိုင်ရာ သံဃာ့အုပ်ချုပ်ရီးမှူးတိနန့် ဆက်သွီ။
၆။ အစိုးရဌာနတိ
ဘာသာရီးရာဌာန (Department of Religious Affairs) နန့် အမျိုးသားဗုဒ္ဓဘာသာရုံး (National Office of Buddhism) က သံဃာ့မှတ်ပုံတင်ခြင်း၊ ကျောင်းတိုက်ဘဏ္ဍာရီးထောက်ပံ့ခြင်းနန့် ဘာသာရီး လုပ်ငန်းတိကို ပံ့ပိုးပီးခြင်း။
- သံဃာ့အုပ်ချုပ်ရီးကောင်စီနန့် ညှိနှိုင်းဆောင်ရွက်ခြင်း။
- အစိုးရ မူဝါဒတိကို အကောင်အထည်ဖော်ခြင်း။
ထိုင်းသာသနာကို ထိုင်းဘုရင်တိ၊ သံဃာ့ခေါင်းဆောင်တိနန့် အစိုးရအဖွဲ့အစည်းတိက ပူးပေါင်းဆောင်ရွက်မှုနန့် ပုံဖော်ကတ်ပါရေ။ အစိုးရဌာနတိက သံဃာ့တက္ကသိုလ်တိနန့် ဘုန်းတော်ကြီးကျောင်းတိအတွက် စာအုပ်တိ၊ သင်ထောက်ကူပစ္စည်းတိ၊ ဘဏ္ဍာရီးအရင်းအမြစ်တိကို ထောက်ပံ့ပီးရပါရေ။
မြန်မာပြည်ဘက် ဇိကေ လှည့်ကြည့်ကတ်ပါမေ။
မြန်မာနိုင်ငံလွတ်လပ်ရီး မရခင်အချိန်ကာလထိ သံဃာတိစွာ ရွှေကျင်ဂိုဏ်း၊ ဒွါရဂိုဏ်း၊ ငှက်တွင်းဂိုဏ်း အစဟိသဖြင့် သံဃာ့ဂိုဏ်း အသီးသီးရို့စွာ မိမိရို့ ဂိုဏ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတိနန့် အုပ်ချုပ် ကတ်ရေလို့သိရပါရေ။ ဂိုဏ်းဝင်သံဃာတော်တိစွာ မိမိရို့သဘောတူညီရာ သံဃာတိနန့် စုပေါင်းပနာ ပဝါရဏာ ပြုခြင်း ဂိုဏ်းမဟာထေရ်ဆရာတော်ကြီးတိ ဆုံးမသြဝါဒနန့်အညီ လိုက်နာသီတင်းသုံးခကတ်ပါရေ။ ယင့်ဇုနန့် ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝီးပွဲကြီးကို ၁၉၈၀ မေလ ၂၄ ရက်၊ မေလ ၂၆ အထိ ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြီ၊ မဟာပါသာဏ လိုဏ်ဂူတော်ကြီးမာ ကျင်းပခပါရေ။ ယင်းအစည်းအဝေး အရ သာသနာရီး ဦးစီးဌာနမာ စာရင်းဝင်ပြီးလားရေ သံဃာ့ဂိုဏ်းတိကတော့ခါ-
(၁) သုဓမ္မာဂိုဏ်း
(၂) ရွှေကျင်ဂိုဏ်း
(၃) ဓမ္မာနုဓမ္မ မဟာဒွါရနိကာယဂိုဏ်း
(၄) ဓမ္မဝိနယာနုလောမ မူလဒွါရဂိုဏ်း
(၅) အနောက်ချောင်းဒွါရဂိုဏ်း
(၆) ဝေဠုဝန်နိကာယဂိုဏ်း
(၇) စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း
(၈) ဂဏဝိမုတ် ကူးတို့ဂိုဏ်း
(၉) ဓမ္မယုတ္တိနိကာယ မဟာရင်ဂိုဏ်း
ရို့ဖြစ်ပါရေ။(သာသနာရီးဦးစီးဌာနဆိုက်မာအကျယ်ဖတ်ပါ) သာသနာရေးဦးစီးဌာန အဆင့်ပြောင်းလဲမူစနစ်တော့ ထားခပါဖိ လက်ဟိမာတော့ခါ သာသနာရီးဦးစီးဌာနကို-
(၁) သာသနာရီးရာနန့် ဝိနိစ္ဆယဌာနခွဲ
(၂) စာမေးပွဲဌာနခွဲ
(၃) စီမံခန့်ခွဲရီးဌာနခွဲ
(၄) ပုံနှိပ်ထုတ်ဝီရီးဌာနခွဲ
လေးခုနန့် သံဃာကိစ္စတိကို ဆောင်ရွက်နိန်ကတ်ရေလို့ သိရပါရေ၊ သံဃာအုပ်ချုပ်ရီးဖက် အပိုင်းမာဆိုကေလေ့-
1. နိုင်ငံတော် ဩဝါဒါစရိယအဖွဲ့ ဆရာတော်တိ
2. နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါး
3. နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်(၃၀၀)ပါး
4. သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော်တိ
5. တိုင်းဒေသကြီး/ပြည်နယ် ဩဝါဒါစရိယအဖွဲ့ ဆရာတော်တိ
6. တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့
7. တိုင်းဒေသကြီး/ပြည်နယ် ဝိနည်းဓိုရ်ဆရာတော်တိ
8. တိုင်းဒေသကြီး/ပြည်နယ်သံဃာ့ဝန်ဆောင်
9. မြို့နယ်ဩဝါဒါစရိယအဖွဲ့ ဆရာတော်တိ
10. မြို့နယ်သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)
11. မြို့နယ်ဝိနည်းဓိုရ် ဆရာတော်တိ
12. မြို့နယ်သံဃာ့ဝန်ဆောင်
13. ရပ်/ ကျေးသံဃနာယကအဖွဲ့
14. ရပ်/ ကျေးသံဃာ့ဝန်ဆောင်(ကျောင်းထိုင်ဆရာတော်တိ)
ဆိုပြီးကေ အဆင့်ဆင့်ဖွဲ့ထားစွာ တွိ့ရပါရေ။
သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကိုတော့ခါ -
နိုင်ငံတော်အဆင့်
1. နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
2. နိုင်ငံတော်သြဝါဒါစရိယအဖွဲ့
တိုင်းဒေသကြီး/ပြည်နယ်အဆင့်
1. တိုင်းဒေသကြီး/ပြည်နယ်သံဃာ့ဝန်ဆောင်အဖွဲ့
2. တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့
3. တိုင်းဒေသကြီး/ပြည်နယ်သြဝါဒါစရိယအဖွဲ့
မြို့နယ်အဆင့်
1. မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့
2. မြို့နယ်သံဃနာယကအဖွဲ့
3. မြို့နယ်သြဝါဒါစရိယအဖွဲ့
ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်
1. ရပ်ကွက်/ကျေးရွာအုပ်စု သံဃာ့ဝန်ဆောင်
2. ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယကအဖွဲ့
3. သီလရှင်အဖွဲ့အစည်း
4. သံဃာ့ဂိုဏ်း(၉)ဂိုဏ်း
မြန်မာနိုင်ငံထဲက သံဃာ့ဖွဲ့စည်းမူနန့် အုပ်ချုပ်ပုံ စနစ်ဖြစ်ပါရေ။ (အုပ်ချုပ်မူကို မရီးပါရာ)
အထက်မာ အစပျိုးခရေ ဇာတ်လမ်းချေ ပြန်ချိတ်ကြည့်ပါမေ။ သာသနာရီး ဝန်ကြီး စာမျက်နှာမာ ဒေပိုင်ထုတ်ပြန်ထားပါရေ။
“မင်းတုန်းမင်းတရားကြီး လက်ထက် ရတနာပုံမြို့တော် တည်ထောင်ရာ ကာလ၌ တပြိုင်တည်း တည်ဆောက်ခဲ့သော သုဓမ္မာဇရပ်၌ သံဃာ့ကိစ္စဆောင်ရွက်တော်မူခဲ့ကြသော မူလသံဃာတော်များကို “သုဓမ္မာဂိုဏ်း” ဟု သမုတ်တော်မူခဲ့သည်”
“မင်းတုန်းမင်းကြီးလက်ထက်တွင် ရွှေကျင်ဂိုဏ်း ခွဲထွက်သွား သောအခါ ရွှေကျင်ဂိုဏ်းဝင်မဟုတ်သော သံဃာများကို သုဓမ္မာဂိုဏ်းဝင်အဖြစ် ခေါ်ဆိုကြသည်။ ယခု အခါတွင်ဂိုဏ်း(၉)ဂိုဏ်းအနက် အခြားဂိုဏ်း(၈)ဂိုဏ်းဝင်မဟုတ်သည့် သံဃာများကို သုဓမ္မာဂိုဏ်းဝင် ဟု ခေါ်ဆိုကြပါသည်”
ရခိုင်မာဆိုလို့ ဟိကေ အင်းတောင်ဂိုဏ်း၊ ဘန်းတောင်ဂိုဏ်း၊ ယပ်လှဲဂိုဏ်း၊ နဂါးဂိုဏ်း၊ ကင်းနီဂိုဏ်၊ အစဟိဖြင့် ဂိုဏ်းတိကန်ကားမကန် အများကြီးပါ။ ရွာက ဆရာတောင် ဇိကေ အားနာဖို့ ကောင်းလားပါရာ။ သုဓမ္မာဂိုဏ်း ဆိုစွာအမှန်က ရခိုင်နန့်တစ်ခုတော့ မဆိုင်စွာပါ။ ရခိုင်မာ ကိုယ့်ဂိုဏ်းကိုယ်စီနန့်ကို သီးတင်းသုံးကတ်ပါရေ။ သာသနာရီးဌာန သတ်မှတ်ထားရေ ဂိုဏ်း(၉)ဂိုဏ်းထဲက ကျန်(၈)ဂိုဏ်း မဟုတ်ခကေ သုဓမ္မာ ဆိုတော့ ခါ ရခိုင်မာဟိရေ ဂိုဏ်းတိစွာ တရားမဝင်ဆိုရေ သဘော သက်ရောက်ပါရေ။ လူကြီးတိအပိုင်းဆိုခါ မဝီဖန်ဝံ့ပါ။ ၁၉၈၀ သံဃာစုံအစည်းအဝး ဆိုစွာကိုရာ နားထဲ ရောက်လားပါရေ။ ခက်စွာက မြို့နယ်သံဃာရပ်ရွာ သံဃာ့အဖွဲ့မာလေ့ ရခိုင်သံဃာတိ ပါနိန်ကတ်ခါ ကောင်းလေ့ မပြောဝံ့ပါ။
ဗုဒ္ဓဘာသာရေလို့ မဟုတ်ပါ။ ကျန်ရေ ဘာသာတရားတိုင်းမာလဲ နိုင်ငံအလိုက် ဂိုဏ်းဂဏတိဆိုစွာ ကွဲထွက်လားကတ်စွာရာ၊ ယကေလဲ အုပ်ချုပ်မူပိုင်းနန့်ခါ ဆိုလို့ဟိကေ စနစ်သည် စနစ် ဂိုဏ်းသည် ဂိုဏ်းရာဖြစ်ပါရေ။ ထိုင်းတိမာတော့ခါ ဂိုဏ်းတိစွာ ပဓာနမဟုတ်ပါ။ သာရီး,နာရီး,အုပ်ချုပ်ရီးတိမာ ဂိုဏ်းဂဏနန့် မဆိုင်ပါ။ ဗုဒ္ဓဘာသာ သာရီး,နာရီး တိုင်းစွာ ဗုဒ္ဓဘာသာတိုင်းနန့် သက်ဆိုင်ပါရေ။
ငါ့ဂိုဏ်းမဟုတ်လို့ ယင့်ဆရာတော်ကို မပင့်ဆိုစွာမျိုးလည်းမဟိပိုင်၊ ငါ့ဂိုဏ်းမဟုတ်လို့ ဆွမ်းသုံးခွင့် မဟိဆိုစွာမျိုးလဲ မဟိစီရပါ။ ငါ့တပည့်က ယင့်ဂိုဏ်းမဟုတ်လို့ ယင့်ဆရာပါး စာမသင်ရ ဆိုစာမျိုးလဲ မဟိစီရပိုင်၊ ငါ့တပည့်ဖြစ်လို့ ငါ့ကျောင်းကို အပ်ခဖို့ ဆိုစွာမျိုးလဲ ထိုင်းတိ လက်မခံပါ၊ ကျောင်းချပီးကေတောင် အဆင့်ဆင့် ဆုံးဖြတ်ပြီးနာ သင့်တော်ရေ ဆရာတော်ကို သင့်တော်ပိုင် ဆုံးဖြတ်နာချပီးကတ်ပါရေ။ ကျောင်းတိကိုလဲ ငါမြီပိုင်ရေ ဂိုဏ်းကလေ့ ခွင့်ပြုရေဆိုပနာ ဆောက်လုပ်ခွင့် မဟိရပါ။ တရွာတကျောင်း၊ တရပ်ကွက်တကျောင်း စနစ်ရာ ထိုင်းတိ ကျင့်သုံးပါရေ၊
ဇာပြဿနာတိ မတွိ့ရလဲဆိုကေ၊ ကျောင်းလုမူပြသနာတိ၊ ကျောင်းကွဲပြဿနာတိ၊ တကာ တကာမတိ စိတ်ဝန်းကွဲ ပြဿနာတိ မတွိ့ရပါ။ ငါ့ဂိုဏ်းက ဒေပိုင်ကျင့်သုံးရေ၊ ဘုရားက ဒေပိုင်ဟောခရေ၊ ယင့်အတိုင်းမနိန်ကေ မကိုးကွယ်ကတ်ကေ့ ဆိုပနာလည်း ကိုယ့်ဂိုဏ်းတိုးတက်ဖို့ အတွက် ဟောပြောမူတိကို ထိုင်းသံဃာ့အဖွဲ့က လက်မခံပါ။
ဒေနိန်ရာမာ သတိထားမိစွာ တစ်ခုချေလောက် ပြောပြပါမေ။ သံဃာတိ တိုက်ရိုက်ငွီကိုင်ခွင့် မဟိစွာ၊ ရဟန်းတိုင်းသိပါရေ၊ ထေရဝါဒနိုင်ငံတိုင်းသိပါရေ။ ထိုင်းနိုင်ငံတိထဲက ရဟန်းတိလဲ သိပါရေ၊ စာစသင်ကတည်းက ဇာဂိုဏ်း ညာဂိုဏ်းမဟိပဲ၊ ဝိနည်းက စသင်လာကတ်ရေ၊ ရဟန်းတော်တိကြေးဖြစ်ပါရေ၊ အကျိူး အပြစ်ကိုလေ့နားလည်ကတ်ပါရေ၊ ယကေလေ့ ငွီမကိုင်ရေ ထေရဝါဒနိုင်ငံ မဟိပါသိမ့်၊ ဝိနည်းကိုပယ်ဖျက်လိုစွာ မဟုတ်ပိုင်၊ ပုတ်ခတ်လိုစွာလေ့ မဟုတ်ပါ၊ ထိုင်းနိုင်ငံလေ့ ဝိနည်းလိုက်နာနီရေ ထေရဝါဒနိုင်ငံဖြစ်ပါရေ၊ ယကေလေ့ ငွီကိုင်ပါရေ။ ထိုင်းသံဃာ့ကောင်စီက ငွီမကိုင်ရ၊ ငွီကိုင်ကေ သာသနာ့က ထွက်လို့ ထုတ်ပြန်ကေတော့ ထိုင်းရဟန်းတိလေ့ ငွီကိုင်ကတ်ဖို့ မဟုတ်ပါ၊ ယလောက်ထိလေ့ ထိုင်းသံဃာ့ကောင်စီလေ့ လုပ်လီဖို့ မဟုတ်ပါ၊ မြန်မာနိုင်ငံမာလေ့ မလုပ်ပါ၊ လုပ်လိုက်ကေ သံဃာတိကောင်းကျိုးထက် ဆိုကျိူး၊ သံဃာတိ ဇာပိုင်အခက်အခဲနန့် လည်ပတ်နီရလည်း သံဃာနာ့ယကတိနန့် သာသနာရီးဦးစီးက အသိဆုံးဖြစ်လို့ပါ။ ဒေချင့်တိစွာသည် ဂိုဏ်းနန့် တိုက်ရိုက် ပတ်သက်နိန်ရေလို့ ပြောကေ မှားဖို့မထင်ပါ။ ထိုင်းကတော့ ဂိုဏ်းအောက်က မလားပါ၊ စနစ်အောက်က လားပါရေ။ ယင့်စနစ်ထဲမာရာ ဂိုဏ်းတိပါဝင်အောင် ဆွဲခေါ်ယူလားပါရေ။ သံဃာ့ကောင်စီက ထုတ်ပြန်ထားစွာတိကို မလိုက်နာကေတော့ ဆရာမရွီးပါ၊ ဂိုဏ်းမရွီးပါ။ အပြစ်စွာ အပြစ် မြောက်ပါရေ။ အပြစ်ပီးပီးထားစွာကို နမူနာယူပနာ ပါးစပ်အရသာခံဖို့ သာသနာညိုးနွမ်းအောင် လုပ်ဖို့လေ့ ထိုင်းအစိုးရက ခွင့်မပြုထားပါ၊ စည်ကမ်းဖောက်ဖျက်ရေ ဇာဂိုဏ်းက ရဟန်းမဆို တိုင်ဖို့ အဆင့်ဆင့်နိန်ရာ ပီးထားပြီး ဖြစ်အတွက် နီးစပ်ရာ တိုင်ကတ်ပြီးကေ လိုင်းထက်မာတော့ ကိုယ့်ဘာသာညစ်နွမ်းအောင် မလုပ်ကတ်ပါ။ ပြစ်မူဆိုကေ သတင်းမီဒီယာ ကရာ ဖော်ပြခွင့် ပီးထားပါရေ။
ဂိုဏ်းဂဏမစွဲပဲနန့် သံဃာကို သံဃာလို့ရာ ကြည်ညိုနိုင်ကတ်ပါစီ။
YaThaWinTha