ထိုင်းနိုင်ငံနန့် ယိုင်ကျေးမူနယ်မြီထိန်းသိမ်းမှုစနစ်
--------------------------------------------
ဒေနိထိုင်းနိုင်ငံ ယိုင်ကျေးမူနယ်မြီထိန်းသိမ်းမှုစနစ်ကို ဇိကေ လိ့လာကြည့်ကတ်ပါမေ။ ယိုင်ကျေးမူလို့ ဂေါင်းစိုင်တပ်လိုက်က ဇိကေ ကြေပြန့်လားလိ့မေ။ ယင့်ဇုနန့် ယိုင်ကျေးမူနယ်မြီ လို့ အခဏ်းခွဲထုတ် လိုက်ပါရေ။ ထိုင်းနိုင်ငံ ယိုင်ကျေးမူနယ်မြီ အကြောင်းကို ပြောကေ ထိုင်းသမိုင်းကိုလည်း ဇိကေ တိခေါက်မိဖို့ လိုအပ်ပါရေ။ ထိုင်းမာခေတ်ကြီး လေးခေတ် ဟိပါရေ။
#ထိုင်းရှိဦးခေတ် (ဘီစီ ၂၅၀၀ - အေဒီ ၁၂၃၈)
ထိုင်းနိုင်ငံ ယိုင်ကျေးမူအစမာ မွန်၊ ခမာ၊ လာအို နန့် ထိုင်း(Tai-တရုတ်နွယ်ဖွား) လူမျိုးစု တိပါဝင်ပြီးကေ မတူညီရေ လူမျိုးစုတိနန့် ရွှီ့ပြောင်းနီထိုင်မှုတိက စတင်ခပါရေ။ ထိုင်းလူမျိုးတိစွာ ယူနန်ဒေသ (တရုတ်နိုင်ငံ) က ရွှိပြောင်းလာပြီးကေ အာရှတောင်ပိုင်းဒေသသို့ ရောက်လာရေလို့ ယူဆထားကတ်ပါရေ။ ပြီးကေ အေဒီ ၆-၁၀ ရာစုနှစ်တိမာ မွန်လူမျိုးတိ ဒွါရာဝတီနိုင်ငံစွာ ထိုင်းနိုင်ငံအလယ်ပိုင်းထိ ထွန်းကားနီပါရေ။ ယင့်ခေတ်မာ ဗုဒ္ဓဘာသာနန့် အိန္ဒိယယိုင်ကျေးမူလွှမ်းမိုးမှုတိ ထင်ရှားနီကာလဖြစ်ပါရေ။ (ဒေနိရာမာ နောက်တစ်ခုသတိထားမိစွာက ဗမာပြည်ထဲမာ ဟိရေ ရှမ်းတိစွာလည်း Tai- လူမျိုးလို့ ခံယူထားစွာ တွိရပါရေ။ ဗမာမာ ရှမ်းလို့ သုံးပြီးကေ ရှမ်းတိရီးခါTai လို့ရာရီးပါရေ။ ဗမာတိက ထိုင်းတိကို ခေါ်ခါမာလည်း ရှမ်းလူမျိုးလို့ ခေါ်စွာ သတိထားမိကတ်ပါလိမ့်မေ။
#ဆူခိုထိုင်းခေတ်(Sukhothai Kingdom-1238–1438)
၁၁ရာစု အစောပိုင်းတိမာ ခမာအင်ပါယာ (Khmer Empire)ကြီးစိုးလာပါရေ။ ယင်းဒါဏ်ကို မခံနိုင်ရာလို့ ၁၂၃၈ ခုနှစ်မာ ထိုင်းလူမျိုးတိ ပေါင်းစုပြီးကေ ခမာအင်ပါယာဧ လွှမ်းမိုးမှုက လွတ်မြောက်အောင် ဆူခိုထိုင်းနိုင်ငံကို တည်ထောင်လိုက်ပါရေ။ ယင့်ခေတ်စွာ ထိုင်းယိုင်ကျေးမူ အခြီခံအုတ်မြစ် ဖြစ်လာပါရေ။ ဆူခိုထိုင်းခေတ်မာ ထေရဝါဒဗုဒ္ဓဘာသာစွာ နိုင်ငံတော်ဘာသာအဖြစ် အခိုင်အမာ အမြစ်တွယ်ခပါရေ။ ဗုဒ္ဓရုပ်ပွားတော်တိ၊ ဘုန်းကြီးကျောင်းတိနန့် ထိုင်းအက္ခရာ (ရမ်ခမ်ဟိန်မင်းက ၁၂၈၃ မာ ဖန်တီး) ရို့စွာ ဒေခေတ်ဧ့ အရီးပါရေ အောင်မြင်မှုတိဖြစ်ခပါရေ။
#အယုဒ္ဓယခေတ်(Ayutthaya Kingdom- 1351–1767)
ဗမာတိကတော့ ယိုးဒယားလို့ခေါ်ကရေ ခေတ်ဖြစ်ပါရေ။ တခြားနိုင်ငံတိနန့် မဟာမိတ်ဖွဲ့လွယ်ကူဖို့နန့် နိုင်ငံရီးအရ ပိုပြီးကေအဆင်ပြေအောင် ကုန်သွယ်ရီးအတွက်လေ့ ဗျူဟာမြောက်တည်နီရာ ကျအတွက်နန့် ၁၃၅၁ တွင် အယုဒ္ဓယနိုင်ငံတော်ကို တည်ထောင်ခပြီးကေ ယိုင်ကျေးမူစွာ ပိုပြီးကေ ထွန်းကားလာပါရေ။ ဒေခေတ်မာ အနုပညာ၊ ဗိသုကာပညာ၊ အကနန့် စာပီတိ ဖွံ့ဖြိုးတိုးတက်လာပါရေ။ ပြီးကေ စစ်အင်အားလည်း တိုးလာအတွက်နန့် ရန်စ ဟိခဖူးရေ၊ ခမာအင်ပါရာကို လားပနာတိုက်ပါရေ။
၁၃၅၃- ယိုးဒယားက အင်္ဂေါဝကို တက်သိမ်း၊ ခမာတိပြန်ပနာ သိမ်းယူနိုင်ခ။
၁၃၆၉- ယိုးဒယားက အင်္ဂေါဝကို တိုက်ခိုက်၊ ခမာတိပြန်ပနာ ခုခံနိုင်ခ
၁၃၈၉- ယိုးဒယားက အင်္ဂေါဝကို တိုက်ခိုက်၊ ခမာတိပြန်ပနာ ခုခံနိုင်ခ
၁၄၃၁-ယိုးဒယားက အင်္ဂေါဝကို တိုက်ခိုက်၊ အင်္ဂေါဝထို့ကို သိမ်းပိုက်၊ ခမာအင်ပါယာ ပြိုလဲပြီး ဖနွမ်းပင်သို့ ပြောင်းရွှေ့
၁၅၉၁–၁၅၉၄= ယိုးဒယားက ခမာနိုင်ငံ(ကမ္ဘောဒီယား)ကို ထိုးစစ်ဆင်၊ လောင်ဗက်ခ်မြို့သိမ်းပိုက်
ဒေချင့်က ထိုင်းနန့် ခမာ(ကမ္ဘောဒီယား) ယိုင်ကျေးမူနယ်ပြီးလုခကတ်ရေ အထင်ကရစစ်ပွဲတိဖြစ်ပါရေ။
ဂနိထိလည်း ထိုင်းနန့် ကမ္ဘောဒီယား(ခမာ)စွာ ယိုင်ကျေးမူ လူ့ကတ်တုန်းပါ၊ နန်းဝတ်နန်းစား၊ အက၊ တေးခြင်း၊ စာပီ ယိုင်ကျေးမူတိစွာ တူညီနိုင်ကတ်အတွက်နန့် သူပိုင်ရေ ငါပိုင်ရေနန့် ဘက်ပြိုင်နိန်ကတ်တုန်းပါ။
ယိုးဒယားစွာ တရုတ်၊ ဂျပန်၊ အိန္ဒိယ နန့် ဥရောပရို့ထိ ဒေခေတ်မာ ကုန်သွယ်ရီးနန့် ယိုင်ကျေးမူ ဖလှယ်မှုတိ ပြုလုပ်ခကတ်ပါရေ။ ရခိုင်မာတွိ့ရရေ ယိုးဒယားဘွဲ့တိစွာလည်း ဒေခေတ်က လာစွာဖြစ်ပါရေ။ ၁၇၆၇ ဗမာ့တပ်တိက အယုဒွယကိုလာတိုက်ရေခါ ယိုင်ကျေးမှု၊ စာပီ၊ ဘာသာရီး၊ အကုန်လုံးကို ဖျက်ဆီး ခံလိုက်ပါရေ။ ဒေနီရာမာ စိတ်ဝင်စာဖို့ကောင်းလို့ ဇိကေ နယ်ချဲ့ပါဦးမေ။
ထိုင်းတိဧ ညီနောင်ဖက်မွန်လူမျိုးပိုင်ရေ သုဝဏ္ဏဘူမိ(ဒွါရာဝတီ)စွာ လက်ဟိထိုင်းနိုင်ငံဘန်ကောက်ထိ ပိုင်ခဖူးပါရေ။ ခမာအင်ပါယာ လွမ်းမိုးလာရေအခါ မြို့တော်ကို လက်ဟိ သုဝဏ္ဏဘူမိ သထုံ မာ တည်ထားလိုက်ပါရေ။ နောက်ထပ်ညီနောင်တိ ဖြစ်တေ သျှမ်းတိကတော့ခါ လက်ဟိတောင်တန်း ဒေသဖက်မာ စော်ဘွား အဖြစ်နန့် ယှင်သန်နီကတ်ပါရေ။ မြီပြန့်ဒေသမာ ပျူလူမျိုးတိစွာ(ဗိဿနိုး-သရေခတ္တရာ)ခေတ်ကို တည်ထောင်ပြီးနိန်က ပါရေ။ ရိုးတောင်နောက်မာ ရခိုင်ပြည်ကြီး သီးသန့်တည်ဟိနီပါရေ။ ၉ ရာစုနှောင်းပိုင်းမာ ပျူတိနယ်ထပ်ပြောင်းပြီးကေ ပျူဂါမ(ပုက္ကံ)(လက်ဟိ-ပုဂံ) ကိုတည်ပါရေ။ ယင်းနီရာမာ လက်ဟိဗမာဖြစ်လာဖို့လူတိ အင်အားကြီးလာပြီးကေ ပျူတိပါးကသိမ်းနာ ပုဂံခတ်ကို ၁၁ရာစုမာ ဗမာဘုရင် အနော်ရထာမင်း တည်ထောင်လိုက်ပါရေ။ ပျူလူမျိူးလည်း ပျောက်နီးပါဖြစ်လာပိုင် ၁၀၅၇ ခုနှစ်မာ အင်အားကြီး မွန်နိုင်ငံမြို့တော် သထုံကို ဖြိုခွင်းခံ လိုက်ပါရေ၊ ယကေလေ့ မွန်တိစွာ ရပ်တန့်မနီပဲနန့်
ဟံသာဝတီခေတ်ကို-
မုတ္တမမြို့ (၁၂၈၇-၁၃၆၃)
ဒုန်ဝန်းမြို့ (၁၃၆၃-၁၃၆၉)
ပဲခူးမြို့ (၁၃၆၉-၁၅၃၉၊ ၁၅၅၀-၁၅၅၂)
ခွဲပနာ စတည်ပါရေ။ မွန်တိအသုံးဖွဲ့ ကွဲနီပါရေ၊ မွန်တိ၊ မွန်စ၊ မွန်ည ပါ။ အဖွဲ့ကွဲလီ ခွဲကောင်းလီစနစ်က ယင်းခါကပင် ပါလာလားမသိရာ။ ၁၆ ရာစုမာ ဗမာမင်းဆက် တောင်ငူဘုရင် ဘုရင့်နောင် က ဟံသာဝတီ(မွန်)နိုင်ငံတော်ကို သိမ်းပိုက်လိုက်ပါရေ။
ဇာလို့ ဒေအထိ ဆွဲခေါ်လာလဲဆိုကေ ဗမာတိ ထိုင်းကို ဇာကြောင့် လာတိုက်လဲဆိုစွာ အရိပ်ကျစီချင်လို့ ဖြစ်ပါရေ။ ထိုင်းမိဘုရားတိ အများစုစွာ၊ မွန်နန့် သျှမ်းအမျိူးသမီးတိ များပါရေ၊ ငယ်ပေါင်းမဟာမိတ်ဖြစ်အတွက်နန့်ပါ။ ထိုင်းတိအားသာချက် အားနည်းချက်ကို သူရို့အသိဆုံးဖြစ်ပါရေ။ အယုဒွယကိုလာတိုက်ရေခါ အရံစစ်သူကြီးတိနန့် လမ်းပြမုဆိုး၊ ဆင်ထိန်းတိစွာ မွန်တိဖြစ်နီစွာက စိတ်ဝင်းစားဖို့ ပိုကောင်းပါရေ။
ဗမာတိ အယုဒွယကို လာတိုက်ရေခါ ဟံသာဝတီ မီးမငြိမ်းပါသိမ့်။
ထိုင်းတိစွာ ၁၅ရာစုဝန်းကျင်မာ ခမာနန့် သူတပြန် ကိုယ်တပြန်ချနီလို့ စစ်ပန်းနီကာလပါ။ တဖက်မာလဲ ဗမာတိနန့် ချဖို့ ဖြစ်လာပါရေ။ ဟံသာဝတီနန့် မဟာမိတ်နိန်ခရေ အယုဒ္ဓယစွာ ဗမာတိအောက်ကို ရောက်မတတ်ဖြစ်ခ ရပါရေ။
ထိုင်းဗမာစစ်ပွဲတိ--
၁၅၄၇–၁၅၄၉= ပထမ အယုဒ္ဓယထိုးစစ်ဆန်၊ ထိုင်းတိခုခံနိုင်ခ
၁၅၆၃–၁၅၆၄= ဒုတိယ အယုဒ္ဓယထိုးစစ်ဆန် (ဆင်ဖြူတော်စစ်)၊ ဗမာအနိုင်ရ
၁၅၆၈–၁၅၇၀= တတိယ အယုဒ္ဓယထိုးစစ်၊ ဗမာအနိုင်ရ
၁၅၈၄–၁၅၈၇= ဗမာထိုးစစ်၊ ထိုင်းပြန်ပနာ လွတ်မြောက်
၁၅၉၃–၁၅၉၅= ဗမာထိုးစစ်၊ ထိုင်းတိခုခံနိုင်ခ
၁၅၉၄–၁၆၀၅= ယိုးဒယားထိုးစစ်၊ တနင်္သာရီနန့် မြိတ်သိမ်း
၁၆၁၃–၁၆၁၄= ဗမာထိုးစစ်၊ ထိုင်းတိခုခံနိုင်ခ
၁၆၆၂–၁၆၆၄= ဗမာထိုးစစ်၊ ထိုင်းအနိုင်ရ
၁၇၅၉–၁၇၆၀= အယုဒ္ဓယထိုးစစ်၊ ဗမာအနိုင်ရ
၁၇၆၅–၁၇၆၇= အယုဒ္ဓယသိမ်းယူစစ်၊ ဗမာအနိုင်ရ
၁၇၇၅–၁၇၇၆= ထိုင်းပြန်ပနာထိုးစစ်၊ ဗမာခုခံနိုင်ခ
၁၇၈၅–၁၇၈၆= ဘန်ကောက်ထိုးစစ်၊ ဗမာရှုံး
၁၇၉၃= ဗမာထိုးစစ်၊ ထိုင်းတိခုခံနိုင်ခ
၁၇၉၇= ဗမာထိုးစစ်၊ ထိုင်းတိခုခံနိုင်ခ
၁၈၀၃–၁၈၀၈= ဗမာထိုးစစ်၊ ထိုင်းတိခုခံနိုင်ခ
၁၈၀၉–၁၈၁၂= ဖူးခက်ထိုးစစ်၊ ထိုင်းအနိုင်ရ
၁၈၄၁–၁၈၄၅= ဗမာထိုးစစ်၊ ထိုင်းတိခုခံနိုင်ခ
၁၈၄၉–၁၈၅၁= ဗမာထိုးစစ်၊ ထိုင်းတိခုခံနိုင်ခ
၁၈၅၂–၁၈၅၅= ဗမာထိုးစစ်၊ ထိုင်းတိခုခံနိုင်ခ
၁၈၈၅= ဗမာထိုးစစ်၊ ထိုင်းတိခုခံနိုင်ခ (ထိုင်းဗမာစစ်ပွဲပြီးဆုံး)
ဗမာ-ထိုင်း စစ်ပွဲတိစွာ ၁၆ ရာစုက ၁၉ ရာစုအတွင်း အကြိမ် ၂၀ ဖြစ်ပွားခပြီးပါရေ။
ရလာဒ်ကတော့ခါ အယုဒွယယိုင်ကျေးမူ၊ စာပီ နန့် ဘာသာရီးစွာ ပြာပုံကြားမာ အပိုင်းပိုင်းပြတ်ကျန်ခရပါရေ။ ထိုင်းစွာ ခမာတိနန့်စစ်အလီလီ ဖြစ်ဖူးပါရေ၊ ခမာတိက ရဟန်းတော်တိ ကို ရန်ရှာအဆင့်ရာ ဟိပါရေ၊ ကျောင်းနန့် ဘုရား နန်းတော်ကိုတော့ ရန်မပြုခဖူးပါ။
တဖက်မာလေ့-
မွန်တိစွာ ပျူလူမျိုးတိပိုင် စာမျက်နှာက ပျောက်ကွယ်မလားရရုံ တမေ ကျန်ပါရေ။
၁၇၈၅ ဘန်ကောက်မာ ဗမာစစ်တပ် ထိုင်းတိပါးမာအလဲအလဲ အပြိုပြို စစ်ရှုံးနိန်ချိန်ကာလမာ ရခိုင်ပြည်မာ ပြာကျလားပါရေ။
(သင်ခန်းစာတစ်ခုကတော့ “အသားစားကြူးရေ ကျားစွာ သားကောင်အုပ်ကို တစ်ခါလေ့မစား အုပ်စုကွဲအောင် လုပ်ပြီးမှ တကောင်ချင်း စားပါရေ” အရင်က ကျားစွာ ဒေနိကျားနန့် ပြောင်းလားဖို့တော့ မဟုတ်ပါ၊ ခေတ်ရာပြောင်းလိ့မေ ကျားစရိုက်က မပြောင်းပါ)
ထိုင်းတိကတော့ ခြီနောက်တလှန်းဆုတ်ပြီးကေ ပြန်စုလိုက်နိုင်အတွက်နန့် ကိုယ့်ယိုင်ကျေးမူ၊ ကိုယ်စာပီ၊ ကိုယ်ဘာသာတရားကို ဒေထက်တိုးပွါးအောင် အလှဆင်နီလိုက်နိုင်ပါရေ။
#ရတနပူရီခေတ်(ဓနပူရီ) (Thonburi Kingdom 1767–1782)
အယုဒွယပျက်စီးလားပြီးရေနောက်မာ ဓနပူရီ မြို့ကိုတည်ပြီး ပြန်တိုက်ထုတ်ခပါရေ၊ မြို့အကျယ်အဝန်းငယ်အတွက် ၁၇၈၂ မာ ဘန်ကောက်မြို့စွာ ထိုင်းနိုင်ငံ မြို့တော်ဖြစ်လာခပါရေ။ ဒေခေတ်မာ ထိုင်းယိုင်ကျေးမူစွာ ခေတ်မီပြီးကေ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုတိနန့် ပေါင်းစည်းခပါရေ။ ထိုင်းဘုရင်တိဖြစ်တေ ရာမာ ၄ နန့် ဘုရင်ချူလာလောင်ကွန်း (ရမာ ၅) ရို့ ထိုင်းယိုင်ကျေးမူနယ်မြီတိကို ပြန်ပနာ ထိန်းသိမ်းမွန်မံနိုင်ခပါရေ။ မြို့အပြောင်းအရွိ့လေးကြိမ်လုပ်ခရပါရေ။
ဆုခိုထိုင် (Sukhothai) (၁၂၃၈–၁၃၅၀)
အယုဒ္ဓယ (Ayutthaya) (၁၃၅၀–၁၇၆၇)
ဓနပူရီ (Thonburi) (၁၇၆၇–၁၇၈၂)
ဘန်ကောက် (Bangkok) (၁၇၈၂–လက်ဟိ)
ထိုင်းနိုင်ငံမာ ယိုင်ကျေးမူ အဆောက်အအုံတိဖြစ်ရေ ဘုရားကျောင်းတိ (ဝတ်)၊ နန်းတော်တိ၊ ရှီးဟောင်းအဆောက်အအုံတိနန့် သမိုင်းဝင်နီရာတိကို ထိန်းသိမ်းရေအခါ ရိုးရာနည်းလမ်းတိ၊ ခေတ်မီ စီမံခန့်ခွဲမှုတိကို ပေါင်းစပ်အသုံးပနာ ထိမ်းသိမ်းပါရေ။ ၁၉၆၁ ခုနှစ်က စတင်ပြဌာန်းခရေ ရှီးဟောင်းနန့် သမိုင်းဝင်နီရာတိ ဆိုင်ရာ ဥပဒေတိနန့် အဆောက်အအုံတိကို ဖျက်ဆီးခြင်း (သို့) ပြုပြင်ပြောင်းလဲခြင်းက ကာကွယ်ထားပါရေ။ ဥပမာ- ဆူခိုထိုင်း၊ အယုဒ္ဓယနန့် ဘန်ကောက်ဟိ အရီးပါရေ ကျောင်းတိကို တတင်းကျကျ ကာကွယ်ပီးထားပါရေ။
ယင့်ဇုနန့် ထိုင်းနိုင်ငံက ရှီးဟောင်းဘုရား၊ ကျောင်းတိ၊ အဆောက်အုံတိ နီရာတိကို ကြည့်လိုက်ကေ မီးလောင်ထား နီရာတိ၊ ပြိုကျ ပျက်စီးနီရေ အဆောက်အုံတိကိုရာ တွိ့ရပါလိ့မေ။ ယင့်ချင့်စွာ ထိုင်းတိ မပြုပြင်နိုင်လို့လေ့ မဟုတ်ပိုင် ထိုင်းလူငယ်ချေတိ ဗမာကို မုန်းပစီလို့လေ့ မဟုတ်ပါ၊ ယိုင်ကျေးမူတန်ဖိုးကို အရှိတိုင်းပြချင်လို့ပါ၊ တနည်းအားဖြင့် ယူနက်စကိုက အသိအမှတ်ပြုစီဖို့ပါ၊ ယူနက်စကို အကြောင်းအပြောခင် ဒေနီရာမာ စကားဆက်စပ်ပါလို့ ဆက်ပါဦးမေ၊
ထိုင်းရောက်ခါ စကဆိုကေ ထိုင်းလူကြီးပိုင်းတိစွာ မြန်မာဆိုကေ ကကောင်းမုန်းပါရေ၊ ခေတ်အဆက်ဆက်ကလေ့ ဒေတိုင်းမြင်နီရ ကြားနီရရေခါ ထိုင်းလူကြီးတိစွာ နင်ရို့ မြန်မာတိကြောင့် ငါရို့ထိုင်းပျက်စီးရရေ ကမ္ဘာမကျီ ဆိုရေ အကြည့်မျိူးနန့် အကြည့်ခံကတ်ရပါရေ၊ ဂုလေ့ တချို့ လူကြီးပိုင်းတိ ကြည့်ကတ်ပါတုန်းသိ၊ အမြင်မကြည်ကတ်ပါ၊
လူငယ်ပိုင်းတိနန့် ဒေဖက်မျိုးဆက်တိကတော့ အမြင်ပြောင်းလားပါရာ။ ယကေလည်း တစ်ခုဟိစွာက တချို့ တိ ပါးစပ်သရမ်းပြီးကေ ထိုင်း လူငယ်တိကို ပွဲဆူစီပါရေ။ မင်းရို့ထိုင်းတိကို ငရို့ ဦးအောင်ဇေယျက ဝါးရင်းတုတ်နန့် သတ်ခစွာဝေလို့ ဂုဏ်လားဆာကေတော့ အမုန်းခံရဖို့စွာက မဆန်းပါ၊ သူရို့က ယိုင်ကျေးမူတစ်ရပ်၊ သမိုင်းဖြစ်ရပ်တစ်ခုလို့ မြင်ပီးကေတော့ ထိုင်းလူငယ်တိကလည်း ယင့်တိုင်းရာ မြင်ပီးကတ်ပါရေ၊
#ယူနက်စကို (UNESCO)
ယိုင်ကျေးမူအကြောင်းကို ပြောကေ ယူနက်စကို (UNESCO)ကိုလည်း ချန်ထားခလို့ မရပါ။ ဇာဖြစ်လို့လေ့ ဆိုကေ ထိုင်းနိုင်ငံယိုင်ကျေးမူမြီထိန်းသိမ်းမှုစနစ် အပိုင်းမာ ယူနက်စကို (UNESCO)ဧ့ အခဏ်းကဏ္ဍက ကကောင်းကြီး အရီးပါနီလို့ပါ။ ထိုင်းနိုင်ငံလို့ မဟုတ်ပါ။ ကြီးမားရေ ယိုင်ကျေးမှုကို ပိုင်ဆိုင်ရေ နိုင်ငံတိုင်းစွာ ယူနက်စကို ဝင်နိုင်ဖို့ ကြိုးစား နိန်ကတ် ရပါရေ။
ယူနက်စကို (UNESCO) ဆိုတာ(United Nations Educational, Scientific and Cultural Organization) ပညာရီး၊ သိပ္ပံ၊ ယဉ်ကျေးမှု တိကို မပျောက်ပျက်လားရအောင် ထိန်းသိမ်းကာကွယ်ဖို့ အတွက် ၁၉၄၅ ခုနှစ်မာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိ အထူးပြုဖွဲ့စည်းတည်ထောင်ထားရေ အေဂျင်စီတစ်ခုပါရေ။
ယူနက်စကို အဓိကရည်ရွယ်ချက်ကတော့ခါ-
အဖွဲ့ဝင်နိုင်ငံတိ ပညာရီး အခွင့်အလမ်းတိ မြှင့်တင်ဖို့။
ယိုင်ကျေးမှုထိန်းသိမ်းရီးနန့် ကမ္ဘာ့အမွေအနှစ် နီရာတိကို ကာကွယ်ထိန်းသိမ်းဖို့။
သိပ္ပံနန့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးဖို့။
သတင်းမီဒီယာဖွံ့ဖြိုးရီးကို မြှင့်တင်ဖို့ ဆိုရေ အချက်လေးချက် ပါဝင်ပါရေ။ ကမ္ဘာတစ်ဝှမ်း ယူနက်စကို အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ထိ ဟိလာပါရာ။
ထိုင်းနိုင်ငံစွာ ယူနက်စကို အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားခပြီးကေ ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နိမာ တရားဝင် အဖွဲ့ဝင်နိုင်ငံဖြစ်လာပါရေ။ ယူနက်စကို အဖွင့်ဝင်လျောက်ဖို့ဆိုကေ -
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်ရပါဖို့။
ယူနက်စကို ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံရပါဖို့။
ပြီးကေ ဝင်ရောက်လိုကြောင်း လျှောက်လွှာတင်သွင်းရပြီးကေ ယူနက်စကို အမှုဆောင်ဘုတ်အဖွဲ့ (Executive Board) နန့် အထွီထွီညီလာခံ (General Conference) က စိစစ်အတည်ပြုပီးပါဖို့။
အဖွဲ့ဝင်နိုင်ငံဖြစ်လာရာဆိုကေ ယင်းနိုင်ငံထဲ ဇာအကြောင်းအရာကို ယူနက်စကို (UNESCO) ထိန်းသိမ်းရီး စရင်းသွင်းချင်လဲ ဆိုစွာ လျောက်ထားရပါဖို့။ ဉပမာ-အယုဒွယဆိုကေ အယုဒွယကို ဇာနှစ်က တည်ရေ။ ဇာသူတည်ရေ။ သက်တမ်းက ဇာလောက်ကြာရာ၊ ဇာကြောင့် ထိမ်းသိမ့်ဖို့ လိုအပ်နီကြောင်း အထောက်အထားခိုင်ခိုင်မာမာ တင်ပြလာကေ ဘုတ်အဖွဲ့က စီစစ်လို့ ဟုတ်မှန်ကြောင်း အတည်ပြု သတ်မှတ်လိုက်ကေ ဇာအဖျက်စီးလေ့ မဝင်လာရအောင် ယူနက်စကို ကပါ ပူးတွဲထိန်းသိမ်း ပီးလားဖို့ ဖြစ်ပါရေ။
ဇာကြောင့် ယူနက်စကိုစရင်းဝင်ဖို့လိုလဲ ဆိုစွာကို မြင်သာရောင် ဉပမာ ပြရကေ၊ အရည်အချင်း ပြည့်စုံနိန်ရေ မင်းသားတစ်လက်ဆိုပါဖိ၊ ကိုယ့်ပရိသနန့် ကိုယ်တော့ခါ သူလည်း နာမည်ကြီး မင်းသားတစ်လက် ပါရာ။ ယကေလေ့ ယင်းမင်းသား အကယ်ဒမီရလားကေတော့ သူပရိသတ်လောက်နန့် မလုံလောက်ပါရာ၊ ကြေးလည်း မြင့်လား ခပါရာ။ မီဒီယာတိုင်းကလေ့ သူ့အကြောင်း ချီးမွန်း ကတ်ပါဖို့ရာ။ အနုပညာသမိုင်း ပြတိုက်မာလည်း နောက်လာမျိုးဆက်တိ မြင်ရအောင် ချိတ်ဆွဲ ခံရပါဖို့ရာ။ မမြင်ဖူးရေ လူတိကလည်း အကယ်ဒမီ မင်းသားကြီးကို မြင်ဖူးချင်လာ ကတ်ဖို့ရာ။
ယင့်ပိုင်မဟုတ်ခပဲ ယင်းမင်းသားစွာ ကိုယ်ပရိတ်သတ်နန့်ကိုရာနိန်ပြီးကေ အကယ်ဒမီရအောင်မလုပ် ခဖို့ဆိုကေ နာမည်ကျလာရေ တနိမာ ကိုယ်ပရိသတ်ပါ ပျောက်လားပါရေ။ ယင့်သဘောတိုင်းပါရာ တန်းဖိုးကြီးရေ၊ စစ်မှန်ရေ အမွီအနှစ်တန်ဖိုးဆိုစွာ မပျောက်လားကောင်းရေ အရာဖြစ်ပါရေ။
ယူနက်စကို (UNESCO) ဆိုစွာလည်း ယင့်သဘော ဆောင်ပါရေ။ နိုင်ငံတစ်ခုဆိုစွာ နိုင်ငံရီးအပြောင်းအလဲ၊ ယိုင်ကျေးမူအပြောင်းတိနန့် အမြဲလည်ပတ်နီရစွာပါ။ ဒေအစိုးရတက်လာလို့ ယူနက်စကို (UNESCO) ဝင်ပြီးသား ဒေအဆောက်အအုံ မကြိုက်ဆိုပြီးကေ ဖျက်ချပစ်ခွင့် မဟိစီရပါ၊ ယိုင်ကျေးမူပြောင်းလဲလာလို့ မကြိုက်ဆိုပြီးကေလည်း ဖျက်ချပစ်ခွင့် မဟိစီရပါ။ အထက်က ဉပမာပိုင်- ကြိုက်သည်ဖြစ်စီ မကြိုက်သည်ဖြစ်စီ အကယ်ဒမီရပြီးသား မင်းသားတစ်လက်စွာ အနုပညာပြတိုက်မာ အကယ်ဒမီရ မင်းသားတိနန့် တန်းတူ ချိတ်ထားခွင့် ဟိရပါဖို့။ နောက်မျိုးဆက်တိ မြင်ခွင့် ဟိစီရပါဖို့။ ယိုင်ကျေးမူ ရူ့ဒေါင်းကကြည့်ကေ ဒေချင့်သည် ကမ္ဘာ့အမွီအနှစ်ဖြစ်ပါရေ။
#ထိုင်းနိုင်ထဲကယူနက်စကိုထိမ်းသိမ်းထားနီရာတိ
၂၀၂၄ ခုနှစ်အထိ ထိုင်းနိုင်ငံမာ ယူနက်စကို ကမ္ဘာ့အမွီအနှစ် နေရာပေါင်း ၈ ခု ဟိပါရေ။ ယင့်ချင့်ထဲက ယိုင်ကျေးမူဆိုင်ရာ နီရာ ၅ ခု နန့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နီရာ ၃ ခု ပါဝင်ပါရေ။ နီရာတိကတော့ခါ-
၁။ ဆူခိုထိုင်းသမိုင်းဝင်မြို့တော်နန့် ဆက်စပ်မြို့တိ (Historic Town of Sukhothai and Associated Historic Towns) ၁၉၉၁ ခုနှစ်မာ စရင်းဝင်ပါရေ။ ၁၃ ရာစု မြို့တော်ဟောင်း။
၂။ အယုဒ္ဓယသမိုင်းဝင်မြို့တော် (Historic City of Ayutthaya) ၁၉၉၁ ခုနှစ်မာ စရင်းဝင်ပါရေ။ ၁၃ ကနိန် ၁၇ ရာစု မြို့တော်ဟောင်း။
၃. ဟွိုင်ခါခဲန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (Thungyai-Huai Kha Khaeng Wildlife Sanctuaries)
၁၉၉၁ ခုနှစ်မာ စရင်းဝင်ပါရေ။ ရှားပါးတိရိစ္ဆာန်တိနန့် ဇီဝမျိုးစုံမျိုးကွဲတိ ကာကွယ်ထားခြင်း။
၄။ ဘန်ချီယန်ရှေးဟောင်းသုတေသနနေရာ (Ban Chiang Archaeological Site) ၁၉၉၂ ခုနှစ်မာ စရင်းဝင်ပါရေ။ လွန်ခရေ နှစ်ပေါင်း ၃,၅၀၀ က စိုက်ပျိုးရီး၊ သတ္တုထုတ်လုပ်မှုနန့် အိုးထည်ပစ္စည်းတိ ဆင့်ကဲဖြစ်ပေါ်မှုကိုတွိ့ဟိခြင်း၊
၅။ ခေါယိုင်သစ်တောစခန်း (Dong Phayayen-Khao Yai Forest Complex) ၂၀၀၅ ခုနှစ်မာ စရင်းဝင်ပါရေ။ ဒေသစ်တောမာ မျောက်၊ ခရု၊ ငှက်များနန့် အခြားမျိုးသုဉ်းဖို့ အန္တရာယ်ဟိနီရေ မျိုးစိတ်တိကို ထိမ်းသိမ်းထားခြင်း။
၆။ ကျန်ချန်သစ်တောစခန်း (Kaeng Krachan Forest Complex) ၂၀၂၁ ဒေနီရာမာ မျိုးသုဉ်းဖို့ အန္တရာယ်ဟိနီရေ အာရှလိပ်ကြီးတိ၊ ကျားသစ်ကြောင်တိ ငှက်မျိုးစိတ်တိကို ကာကွယ်ထားပါရေ။
၇။ စီသက်ရှေးဟောင်းမြို့တော်နန့် ဒါရာဝတီအဆောက်အအုံတိ (The Ancient Town of Si Thep and its Associated Dvaravati Monuments) ၂၀၂၃ ခုနှစ်မာ စရင်းဝင်ပါရေ။ ထိုင်းရှိဦးခေတ် ခမာအင်ပါယာကြောင့် ဒွါရဝတီအင်ပါယာ မြို့တည်ခ နီရာမာ စီသက်မြို့ကိုထပ်တည်ခ အတွက် ဉယာဉ်အဖြစ်တည်ထားမူ။
၈။ ဖူဖရာဘတ်သမိုင်းဝင်ပန်းခြံ (Phu Phrabat Historical Park) ၂၀၂၄ ခုနှစ်မာ စရင်းဝင်ပါရေ။ ဒွါရာဝတီခေတ်က ကျောက်တိုင်၊ ၂,၀၀၀ နှစ်ကျော်သက်တမ်းဟိ ကျောက်ဆွဲပန်းချီတိနန့် ရှီးဟောင်းလူ နီမှု သက်သီတိတည်ဟိခြင်း
ဒေချင့်တိက လက်ဟိ ထိုင်းနိုင်ငံမာ ယူနက်စကိုဝင်ပြီးသား ယိုင်ကျေးမူနယ်မြီအဖြစ် ထိန်းသိမ်းထားရေ နီရာတိဖြစ်ပါရေ။ ထိုင်းမာ နောက်ထပ်လည်း နီရာ ၆ ခုကို ယူနက်စကို တင်ထားစွာ ဟိပါသိမ့်ရေ။ နီရာတော့ မပြောပါရာ။ ပြုပြင်ထိမ်းမှု ကုန်ကျစရစ်လည်း ရလားပိုင် ယင်းနီရာတိကို အကြောင်းပြုပြီးကေ ထိုင်းတိလည်း စီးပွါးဖြစ်လားပါရေ။ အစိုးရလည်း အခွန်တိုးလားပါရေ။
ယိုင်ကျေးမူနီရာတစ်ခု စာရင်းဝင်လားကေ အဖွဲ့ဝင် နိုင်ငံတိုင်းပါ အသိအမှတ်ပြုလား ရပါရေ။ မင်းသားချင်းတူကေတောင် အကယ်ဒမီရ မင်းသားကို လူတိုင်း အားပီးချင်စွာက ပုထုဇဉ်သဘာဝဖြစ်ပါရေ။ ထိုင်းမာဆိုကေ ကုန်ခရေ နှစ်ပိုင်းတိက လာလည်ကတေ ခရီးလားပုဂ္ဂိုလ်တိ များပြားလာအတွက် အခြီခံအဆောက်အအုံ မလုံလောက်မှုတိ ဒေသခံလူထု၏ အခွင့်အရီးဆိုင်ရာတိပါ ပြဿနာဖြစ်ကတ်သိမ့်ယင့်။
ယူနက်စကိုဝင်လားကေ ရိုးရာဗိသုကာပညာသျှင်တိ လက်မှုပညာသျှင်တိကို ဆောက်အအုံတိ မြီနီရာတိကို မူလပုံစံတိုင်း ထိန်းသိမ်းဖို့ လိ့ကျင့်သင်ကြားပီးထားရေ လူရာ ကိုင်ကွယ်ထိမ်းသိမ်း ရပါရေ။ နိုင်ငံတကာ သုတေသနအဖွဲ့တိနန့် ပူးပေါင်းပနာ အဆောက်အအုံတိ ဓာတ်ဖွဲ့စည်းမှုနန့် ပျက်စီးမှုကို လိ့လာပြီးကေ ထိန်းသိမ်းဖို့ နည်းလမ်းတိကို တီထွင်ပါရေ။ အရည်အသွီးမမှီရေ ၊ ပန်းရံဆရာတိ၊ ရောင်တိ၊ အုဌ်တိ၊ မြီတိကအစ စီစစ် စစ်ဆီးပြီးမှရာ ခွင့်ပြုချက်ရမှ ပြုလုပ်ခွင့် ရပါရေ။ ပြီးကေ နီရာတိကို 3D နည်းပညာကို အသုံးပြုပြီးကေ မှတ်တမ်းတင် ထိန်းသိမ်းထားပါရေ။
မြန်မာဖက်စကေ ကြည့်ကတ်ပါမေ-
မြန်မာနိုင်ငံမာ ၂၀၂၅ ခုနှစ်အထိ ယူနက်စကိုကမ္ဘာ့အမွေအနှစ်နီရာ ၂ ခုဟိပါရေ။
၁။ ပျူရှိးဟောင်းမြို့တိ (Pyu Ancient Cities) ၂၀၁၄ ခုနှစ်မာ ဝင်ရေ။ ဟန်လင်း၊ ဗိဿနိုး နန့် သရေခေတ္တရာ ဆိုပနာ ရှီးဟောင်းမြို့သုံးမြို့ ပါဝင်ပါရေ။ ဘီစီ ၂၀၀ က အေဒီ ၉၀၀ အတွင်း ပျူအင်ပါယာဧ့ အဓိကမြို့တိ ဖြစ်ပါရေ။
၂။ ပုဂံ (Bagan) ၂၀၁၉ ခုနှစ်မာ ဝင်ရေ။ ပုဂံစွာ ၉ က ၁၃ ရာစုအတွင်း ဗမာဘုရင် ပုဂံဧ့ မြို့ဟောင်းဖြစ်ခပါရေ။ ယလောက်ပါရာ။
နောက်ထပ်ဝင်ရောက်ဖို့ စီစိုင်ထား နီရာတိကတော့ခါ-
၁။ မြောက်ဦး (Mrauk-U) ထင်ထားရေနှစ် ၁၉၉၆ ။ အေဒီ ၁၄ က ၁၇ ရာစုအတွင်း ရခိုင်ဘုရင်ဧ့ မြို့တော်ဟောင်းဖြစ်ပါရေ၊
၂။ ဗမာနိုင်ငံဧ ရှေးဟောင်းမြို့တိ (Ancient Cities of Upper Myanmar= Innwa, Amarapura, Sagaing, Mingun, Mandalay) ထင်ထားရေနှစ် ၁၉၉၆ ။ ၁၄-၁၉ ရာစုအတွင်း အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မန္တလေး မြို့တော်တွင်း နန်းတော်တိ၊ ဘုရားတိနန့် သစ်သားဘုန်းကြီးကျောင်းတိပါဟိပါရေ၊
၃။ ကုန်းဘောင်ခေတ်ဧ့ သစ်သားဘုန်းကြီးကျောင်းတိ (Wooden Monasteries of Konbaung Period= Ohn Don, Sala, Pakhangyi, Pakhannge, Legaing, Sagu, Shwe-Kyaung (Mandalay))
ထင်ထားရေနှစ် ၁၉၉၆။ ၁၈-၁၉ ရာစု ကုန်းဘောင်ခေတ် သစ်သားဗိသုကာလက်ရာ ထွင်းထုမှုနန့် ဗုဒ္ဓဘာသာ ယိုင်ကျေးမူ
၄။ ရွှေတိဂုံဘုရားနန့် သိက်ုတ္တရာကုန်း (Shwedagon Pagoda on Singuttara Hill)
ထင်ထားရေနှစ် ၂၀၁၈ ၊ အထင်ကရဘာသာရေးနေရာ(သမိုင်းမဖော်ပြ)
အခြားနီရာတိလည်းပါပါသိမ့်ယင့် အင်းတော်ကြီးကန်၊ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မြိတ်ကျွန်းစု, နတ်မတောင်အမျိုးသားဥယျာဉ်ရို့ပါပါရေ။
ရီးနီရင်းနန့် အတွေးလွန်လာလို့ စကေရီးကြည့်ပါရေ၊ အမှားပါကေ အမြင်သက်သက်ရာလို့ သဘောထားပီးပါ။ တယောက်ကိုလေ့ အပြစ်တင်လိုစိတ်မဟိပါ။
ပုဂံထက် သုဝဏ္ဏဘူမိ(သထုံ)မွန်က စောစွာကို သမိုင်းပညာသျှင် မဟုတ်လူတောင် နားလည်ပါရေ။ သထုံက ယူဆောင်ခရေ၊ ဗုဒွကျမ်းစာတိ၊ အနုပညာလက်ရာတိ စာပီအမွီအနှစ်လို့ အာပေါက်အောင် အတန်းစာတိမာ သင်ပီးနီပြီးကေ သထုံကို မတူးဆွပါမိစွာက၊ တမျိုးကြီး ဖြစ်နီလားလို့ သထုံပြီးကေ မွန်နိုင်ငံ ဟံသာဝတီကို သိမ်းယူခကြောင်း အကြိမ်ကြိမ်ဖတ်နီရကေလည်း သမိုင်းတင်ရေခါ ဟံသာဝတီပါဖို့လား လိုက်ယှာကြည့်မိသိမ့်ယင့်။ ပျူပါဝင်ရေအတွက် ထိုက်တန်ပါရေ၊ ပျူတိအတွက် ဂုဏ်ယူဖို့ ကောင်းပါရေ။ ပုဂံစွာ ၉ က ၁၃ ရာစု ဖြစ်ပါရေ။ ရခိုင်မာ ခေတ်ကြီး လေးခေတ် ထဲက လေးမြို့ခေတ်မာမှ ပုဂံတည်ပါရေ။
ဓညဝတီ(Dhanyawaddy)- ဘီစီ ၆ ရာစု က အေဒီ ၄ ရာစုထိ
ဝေသာလီ( Vesali)- အေဒီ ၄ က ၈ ရာစု
လေးမြို့(Laymro) )- အေဒီ ၈ က ၁၄ ရာစု
မြောက်ဦး(Mrauk-U) အေဒီ ၁၄ က ၁၇ ရာစု
ဓညဝတီမြို့ဟောင်းက စတင်ပနာ ဝေသာလီမြို့ဟောင်း၊ လေးမြို့ခေတ်ထဲက မြို့ဟောင်းတိ မြောက်ဉီးမြို့ဟောင်းတိကို ရခိုင်သမိုင်းပညာရှင်တိ၊ ဗမာပညာရှင်တိ တူးဖော်မှတ်တမ်းပြုစုပြီး ဖြစ်ပါကေလည်း မြောက်ဦးခေတ်ကိုရာ ယူနက်စကို တင်ထားစွာ တွိ့ရစွာက ဟာတာတာကြီးပိုင် ဖြစ်ကျန်စီပါရေ။ မန္တလေးမဟာမြတ်မုနိကိုလည်း ယူနက်စကို ပြုစုခကေတော့ ဇိကေ ပြည့်စုံပါဖို့။
ဓညဝတီခေတ်ကလက်ရာဆိုခါ ကြာပါရာ မဟုတ်ပါလား။ ထင်လည်း ထင်ရှားပါရေ။ ရခိုင်မာနောက်တစ်ခု အာနန္ဒစန္ဒြကျောက်စာ (Ananda Chandra Stone Inscription) လည်း ကျန်ပါသိမ့်ရေ။ ယူနက်စကို အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့မှတ်ဉာဏ်မှတ်တမ်း (Memory of the World Regional Register, MOWCAP) စရင်းတင်ထားစွာ တွိ့ရပါရေ။
လက်ဟိကာလမာတော့ခါ ယူနက်စကို စံနူန်းအရ နိုင်ငံရီး မတည်ငြိမ်ရေ နိုင်ငံတိကို ယူနက်စကို သတ်မှတ်ခွင့် ရပ်တန့်ထားပါရေ။ နိုင်ငံရီးတည်ငြိမ်ရေ တနိမှာ မွန်တိ၊ ရခိုင်တိ ရှိးဟောင်းမြို့တော် အစုံပါပါစီလို့ ရာ ဆုတောင်းနီပါယင့်။
ထိုင်းနိုင်ငံထက် မြန်မာနိုင်ငံစွာ ယိုင်ကျေးမူအမွီအနှစ် ထိန်းသိမ်းဖို့ နယ်မြီတိ ပြည်စုံနီရေ နိန်ရာ တစ်ခုဖြစ်ပါရေ။ ထိုင်းမာဆိုကေ ခေတ်လေးခေတ်လုံးပါအောင် ထိုင်းမဟုတ်ခကေတောင် ထိုင်းနယ်ထဲမာလ၇်ဟိ ဟိနီအတွက် မချန်ပစ်ခပါ။ ပျူခေတ်၊ မွန်ခေတ်၊ ရခိုင်ခေတ်၊ ဗမာခေတ် အခတ်အသီးသီးတိုင်းမာ ယိုင်ကျေးမူမြို့တော်တိ၊ ကျောက်စာတိ ၊ ဘာသာရီးအဆောက်အုံတိ၊ ဉယာဉ်တိ အပြည့်ပါ။
ရခိုင် ခေတ်လေးခေတ်လုံးမာလေ့ သမိုင်းတင် ယိုင်ကျေးမူအစုံ ပိုင်ဆိုင်ထားပြီးသားပါ၊ အကြောင်းအမျိုးမျိုးတိကြောင့် တိန်ပျောက်နီရကေလည်း သမိုင်းမှန်ကေ နွံမနစ်ပါ၊ ရခိုင်သမိုင်းပညာသျှင်တိ အစအဆုံး ပြန်တူးဖော်နီကတ်ရာ ဖြစ်တွက်နန့် နိုင်ငံရီးတည်ငြိမ် တနိမာတော့ခါ မြို့တော်ဟောင်းတိအပါအဝင် ယူနစ်စကို တင်နိုင်ဖို့ ကြိုးပန်းကတ်ပါလိ့မေ။
ဂု ယူနစ်စကို တင်ထားရေ ရွှေတိဂုံနန့် မြောက်ဉီးကို အမြင်ဇိကေ ချပြကြည့်ပါမေ။ ရန်ကုန်မာ ရှစ်နှစ်လောက် နီခတ်ရေအခါ ရွှေတိဂုံကို တနှစ် သုံးခေါက်လောက် ရောက်ဖြစ်ပါရေ၊ ရွှေတိဂုံအောက်မာ ပြည်သူ့ ရန်ပြင်ဟိရေ။ ကန်တော်ကြီးဟိရေ။ သူရို့ သမိုင်းတောင် ယူနစ်စကို လျောက်လို့ ရအောင် သမိုင်းခိုင်ပါရေ။ မွန်တိရူ့ဒေါင့်က ပြောစွာပါ၊
ထိုင်းဘက်လှည့်လိုက်ပါမေ။ ထိုင်းမာ ယူနစ်စကို ဝင်ထားနီရာကော၊ လျောက်ထားဆဲနီရာတိကော၊ ပန်းခြံတိကော ယူနစ်စကို နန့်မသက်ဆိုင်ရေ နီရာတိကော လားကြည့်ဖူးပါရေ။
ထူးခြားစွာက ဇာနီရာ ရောက်ရောက် အမြင်မတော် လောက်အောင်ချစ်ပြ နီကတ်တေ အတွဲတိ မတွိ့ဖူးပါ။ ယိုင်ကျေးမူနီရာတိုင်းစွာ ပန်းခြံပဲဖြစ်ဖြစ်၊ ဉယာဉ်ပဲဖြစ်ဖြစ် ဇာသူမဆို မိသားစုဖြစ်ဖြစ်၊ သာသနာထဲကလူဖြစ်ဖြစ်၊ ကျောင်းသားတိဖြစ်ဖြစ်၊ နိုင်ငံခြားသားဖြစ်ဖြစ် စိတ်အနှောက်အယှက်မဟိ လည်ပတ်၊ လိ့လာ၊ အပန်းဖြီဖို့ အတွက်ဖြစ်ပါရေ။ ပန်းခြံဖြစ်လို့ ရဟန်းမဝင်ရဆိုစွာ မဟိစီရပါ။ ကျောင်းသားတိ၊ မိသားစု မဝင်နိုင်အောင် ထိ မဖြစ်စီရပါ။ မဖြစ်ရအောင်လည်း ဒေအချက်တိကို ထိုင်းတိ စည်းကမ်းတကျ ကိုင်တွယ်ပါရေ။
ဉယျာဉ် ပန်းခြံရို့ ယိုင်ကျေးမူ နီရာရို့ ဆိုစွာ အများပြည်သူ အလွှာပေါင်းစုံ စိတ်အပန်းဖြီဖို့ နီရာဖြစ်ပါရေ။ အတွဲချိန်းဖို့ နီရာ မဟုတ်ပါ။ ကန်တော်ကြီးနန့် ရဟန်းတိ ဇာဆိုင်လဲ။ ကန်တော်ကြီးနန့် ကျောင်းသားဇာဆိုင်လဲ။ အင်းလျားကန်နန့် ရဟန်းဇာဆိုင်လဲ။ ပြည်သူ့ ရင်နန့် ရဟန်းဇာဆိုင်လဲ။ ဟုတ်နန့်ရာ ဇာဆိုင်ပါဖို့လဲ။ အတွဲကမ္ဘာြဖစ်နီစွာကို လို့ ပြောကေ ရဟန်းဖြစ်နာ ရဟန်းစကား မပြောလာလိမ့်မေ။ ရွှေတိဂုံရင်ပြင်ကို ထမီနန့် ထက်စွာကိုရာ လူတိ ရူတ်ချကတ်ကေလေ့ ပစ္စယာဘုရားမုဉ်တိ ထဲက အတွဲတိကိုတော့ လူတိ မမြင်ဟန်ဆောင် နီကတ်ယင့်။
ယင့်ချင့်က အထက်ဗမာပြည်မာဟိမေ ရခိုင်နန့်ဇာဆိုင်လည်း ထင်ကောင်း ထင်ကတ်ပါလိမ့်မေ။ ကိုယ့်ရခိုင်သား-ရခိုင်သမလူငယ်ချေ တိမာလဲ ယပိုင် ပြည်သူပိုင် နီရာတိမာ အချစ်ကြီး ချစ်ပြ နိန်စွာကိုတော့ ရခိုင်ယိုင်ကျေးမူနယ်မြီထဲကို မသယ်လာ ခတ်ကေတော့ ကောင်းဖို့ထင်ပါရေ။ မဟုတ်ကေ နောက်ခါ မြောက်ဉီးနန့် ရဟန်းဇာဆိုင်လဲ ဖြစ်လားကေ လူကြားမကောင်းလို့ပါ။
ကိုယ့်ယိုင်ကျေးမူနယ်မြီကို ကိုယ်တိုင်တန်ဖိုးထား စောင့်ယှောက်နိုင်ကတ်ပါစီ။