ထိုင်းနိုင်ငံနန့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမူစနစ်

Article Cover

ထိုင်းနိုင်ငံနန့် သဘာဝပတ်ဝန်းကျင်

ထိန်းသိမ်းမူစနစ်

---------------------------------------------------------------------

ဒေနိ သဘာဝပတ်ဝန်းကျင် အကြောင်းဇိကေ ပြောကတ်ပါမေ၊ ဒေနိဒေအချိန်မာ ရခိုင်ပြည် သဘာဝပတ်ဝန်းကျင် အကြောင်းကို လှည့်မကြည့်အား နိုင်ခကေလေ့ တနိတချိန် လှည့်ကြည့်လာနိုင်ရေ အခါမာ ကိုယ့်ပတ်ဝန်းကျင်ကို ပြန်ကြည့်မိဖို့ ရည်ရွယ်ပါရေ။ ထိုင်းနိုင်ငံဧ့ ဖွိ့ဖြိုးရီးစနစ်ကို လည်ပတ်ရေ အခါမာ သဘာဝပတ်ဝန်းကျင်နန့် သဟဇာတဖြစ်ရေ ဖွံ့ဖြိုးမှုကို အခြီခံပနာ ရွီးဆွဲ ခတ်ကတ်စွာဖြစ်ပါရေ။ ယေဒါလေ့သော ဂနိ ထိုင်းနိုင်ငံစွာသည် PM2.5 ပမာဏဟိရေ လီထုညစ်မူကို ခံစားနိန်ရရေ နိုင်ငံဖြစ်နီပါရေ။ ၁၉၉၂ ခုနှစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရီး အက်ဥပဒေ (National Environmental Quality Act) ကို ရီးဆွဲပနာ ထိန်းသိမ်းနိန်ရေ နိုင်ငံပါ။ ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် သဘောတူညီချက်တိ (ဥပမာ- Paris Agreement) မာလည်း ပါဝင် ပူးပေါင်းဆောင်ရွက် နီရေနိုင်ငံပါ။ ဒေလောက်အရီးတစိုက် သဘာဝပတ်ဝန်းကျင်ကို ထိန်းနီစွာတောင် PM2.5 ကဆိုးနီပါတုန်းသိမ့်။ သူရို့တိ သဘာဝပတ်ဝန်းကျင်ကို ဇာပိုင်ထိန်းကတ်လည်း ဇိကေ နားလည်ပိုင် ပြောပြပါမေ။

#သစ်တောထိန်းသိမ်းရီး

ထိုင်းနိုင်ငံစွာ မြန်မာထက်စာကေ သစ်တော ပိုင်ဆိုင်မူစွာ မဟိသလောက်ပါရာ။ မြန်မာနိုင်ငံနန့်ထိစပ်ရေ တောင်ပိုင်းနန့် မြောက်ပိုင်းဘက်မာရာ သစ်တောတိ ပိုင်ဆိုင်ပါရေ။ ဆင်ထိန်းတိနန့်ပေါင်းပြီးကေ ယင့် မဟိစလောက် သစ်တိကို တရားမဝင်ခိုးထုတ်ရောင်းချမူတိ ဟိခပါရေ၊ သစ်တောတိစွာ ရာသီဉတု ထိန်းသိမ်းမူနန့် တောရိုင်း တိရိစ္ဆာန်တိ ထိန်းသိမ်းရီးအတွက် အဓိက ကျပါရေ။

ယင့်ဇုနန့်

၁၉၈၉ ခုနှစ်မာ သစ်ခုတ်ခွင့် ပိတ်ပင်မှု ဥပဒေ ပြဋ္ဌာန်းလိုက်ပါရေ။ ယင့်ဉပဒေနန့်အတူ ပြည်သူတိကို ပညာပီးပြီးကေ အရိပ်ရစီရေ စီးပွါးဖြစ်သစ်ပင်တိ စိုက်ကတ်ဖို့နန့် သစ်ပင်တိထိန်းသိမ်းဖို့ နိုးကြားလိုက်ပါရေ။

ဉပမာချေ တစ်ခုပြောပြပါမေ။ ထိုင်းရောက်ခါစမာ အယုဒွယကနိန် ဘန်ကောက် အထိ ကားစီ လားကေတောင် တောင်ချေတစ်လုံး မတွိ့ရပါ၊ ယင့်ချင့်စွာ ထိုင်းနိုင်ငံ အလယ်ပိုင်းအနိန်အထားပါ။ ဘန်ကောက်ကြည့်လိုက်ကေလေ့ ပင်လယ်နားက လဟာပြင်ကြီးမာ မြို့တည်ထားစွာပါ၊ သစ်ပင်ဆိုကေလည်း ကြီးမားမားမဟိ။ ဘန်ကောင်ကနီပမာ ၃-၄ နာရီလောက် ကားစီးမှ တောင်ပုချေတစ်လုံး တွိ့ရပါရေ။ အယုဒ္ဓယဆိုကေလည်း လယ်ပြင်ကွင်း ထဲ မြို့တည်ထားစွာပါ။ တက္ကသိုလ်ရောက်ခါစက ဘယ်ညာကို ကြည်လိုက်ကေ။ ရီဖြူဖြူချေနန့် လယ်ကွင်းတိရာ တွိ့ရပါရေ၊ ပူစွာလည်း မီးတောက်ပါရေ။ မိုးတခါရွာဖို့ကို စောင့်ရစွာ မလွယ်ပါ။ ဂုဆိုလိုဟိရေ တက္ကသိုလ်စွာ သစ်ပင်ကြီးတိကြားက တောထဲမာပိုင် ဖြစ်လားပါရာ။ နီရာတိုင်းမာ သစ်ပင်ကြီးတိ စိုက်လိုက်ပါရေ။ တက္ကသိုလ်တစ်ခုတည်း မဟုတ်ပါ။ သစ်ပင်နည်းပါးရေ မြို့တိအနှံမာ သစ်ပင်တိ ပြည့်လားပါရာ။ သဘာဝပေါက်ရေ အပင်တော့ မဟုတ်ပါ။ စိုက်ထားအပင်တိပါ။

သိသာလာစွာက အရင်ကလောက် မပူပါရာ။ ဆောင်းအရသာလည်း ခံစားလာရရာပါ။ မိုးလည်း ကောင်းလာရာပါ။ ဒေချင့်စွာသည် သစ်တော ထိန်းမူဖြစ်ပိုင် ရာသီဉတုဂေဟစနစ်ကို ထိန်းလိုက်စွာပါ။ ယင့်ဇုနန့် သစ်ပင်ကိုချစ်ပါ။ မခွတ်ပစ်ပါကေ့။ အပင်မြင်ကေ ခွပစ်ချင်ရေ စိတ်က နောက်အချိန်ခါ အပူပိုင် ဇုန် ဖြစ်လားပါလိမ့်မေ။

ရခိုင်မာက ထိုင်းမာပိုင် ဝယ်စိုက်ဖို့တောင် မလိုပါ။ အလှည့်ကျပေါက်ပါရေ။ ခက်စွာက ပေါက်ကေ ထမ်းဆစ်ပစ်ပါရေ။

#ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး

ထိုင်းတိ နောက်တစ်ခု ဇာလုပ်လိုက်လည်းဆိုကေ အမျိုးသားဥယျာဉ်တိ၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့ဇုံတိ ထူထောင်ထားလိုက်ပါရေ။ မျိုးသုဉ်းခါနီး အန္တရာယ်ဟိရေ တိရစ္ဆာန်နန့် အပင်မျိုးစိတ်တိကို ကာကွယ်ဖို့ ဥပဒေတိလည်း ချမှတ်ထားပါရေ။ ဟင်းချက်စားဖို့ တောထဲက အကောင်တိကို ပစ်ခတ်စွာတိက မျိုးစိတ်တိ ပြုန်းတီး စီပါရေ။ သားစားသတ္တဝါဆိုကေ သားစား သတ္တဝါ မွီးမြူပြီးကာမှ ရောင်းချ စားသောက် ကတ်ပါရေ။ သတ္တဝါတိဆိုစွာ ရာသီတုဉတုမှန်ကန်အောင် ထိန်းညှိပီးရေ အထဲ ပါပါရေ။ တချို့ဆိုကေ မျိုးသုံးပျောက်ကွယ်ခါနီး အကောင်တိ ပါပါဖို့။ ယင်း တောထဲမှာ ဟိနီကတ်တေ တစ်ကောင်ချင်းကို နာမည်တပ်ပနာ စရင်းပြုစု ကတ်ရပါရေ။ ရခိုင်မာက ဇာအကောင်တွိ့တွိ့ သတ်စား ပစ်ကတ်တေ၊ တချို့အကောင်တိဆိုကေ နာမည်မပီးရသိမ့်စွာ ပါပါဖို့သိမ့်၊ ဒေနီရာမှာ စကားဆက်စပ်လို့ပါလေ။ မြန်မာ့သစ်တော့ဉီးစီးဌာနက မျိုးစစ်စရင်းနာမည်ကောက်ထားရေ စရင်းတော့ တွိ့ပါရေ။ အကုန်လုံးက ဗမာနာမည်တိ ပီးထားခါ ကိုယ်ရို့ ရခိုင်က ကုန်း၊ရီ တိရစ္တာန် မျိုးစစ်တိ နာမည်တောင် ကိုယ်ရို့မသိပါ။ ပုံမြင်ခါမှ ဒေချင့် ရခိုင်မာ ဒေပိုင်ခေါ်မလားလို့ သိရစွာပါ။ မျိုးစစ်ဆိုစွာက ဉပမာ မြွီ ဆိုလို့ဟိကေ မြွီဇာနှစ်မျိုး ရခိုင်မာနီကတ်လည်း လင်းမြွီ, စပါးကြီး,စပါးအုန်း ယင့်ပိုင်ပုံစံမျိုးပါ။ ငါးဆိုကေ ငါးအမျိုးမျိုးနာမည် ယင်းချင့်တိ မျိုးစိတ်ပါ၊ ယင့်မျိုးစိတ်တိ သိမှ ဒေမျိုးစိတ်က မျိုးတုန်းဖို့ နီးနီရာ ထိန်းသိမ်းရဖို့ဆိုစွာ သိပါဖို့ပါ၊ အပင်တိလည်း ယင်းတိုင်းပါရာ၊

#လီထုညစ်ညမ်းမှု

ထိုင်းမာ ကားတိ ထုတ်လွှတ်မှု လျှော့ချဖို့ ဥရောပ စံချိန်စံညွှန်းတိ (Euro Standards) ကို ကျင့်သုံးနီပါရေ။ စက်မှုဇုံတိကိုလေ့ လေထုညစ်ညမ်းမှု ထိန်းချုပ်ရီး စည်းမျဉ်းတိ အသီးအသီး ပြဋ္ဌာန်းပီးထားပါရေ။ ဘန်ကောက်ရို့ပိုင် ယာဉ်တိလား လာမူ ထူထပ်လာရေ နိန်ရာတိမာ ကာဗွန်မိုနောက်ဆိုက် (CO) နန့် နိုက်ထရိုဂျင်အောက်ဆိုဒ် (NOx) ထုတ်လွှတ်မှု များလာပါရေ။

ယင့်ဇုကြောင့်နန့် အဆင့်လည်းမှီအောင် ကားထုတ်မူလျော့ချနိုင်အောင် လူလည်းအများဆန့်ရေ ဘန်ကောက်မာဆိုကေ BTS Skytrain နန့် MRT မြီအောက်ရထားတိကို အစားထိုးလာစွာ ဖြစ်ပါရေ။ ဒီဇယ်အသုံးပြုမောင်းရရေ ယာဉ်တိမာ PM2.5 (မှုန့်စိချေ ဖုန်မှုန့်တိ) ထုတ်လွှတ်မှုစွာ ကျန်းမာရီးကို ထိခိုက်စီပါရေ။ အထူးသဖြင့် မြို့စွန်စက်မှုဇုံတိမာဆိုကေ ဆာလဖာဒိုင်အောက်ဆိုဒ် (SO2) ထုတ်လွှတ်မှု များပြားလာပါရေ။ ဒေပြဿနာကတော့ ရခိုင်မာ နောက်ကြုံရလာနိုင်ဖို့လားတော့ ပြောမရပါသိမ့်။

#မီးတိုက်မူ

ထိုင်းမာဆိုကေ ချင်းမိုင်နန့် မြောက်ပိုင်းဒေသတိမာ ရာသီအလိုက် လယ်ယာပိုးမွှားတိကို မီးတိုက်ဖျက်ဆီး ခြင်းကြောင့် ဖုန်မူန့်တိ PM2.5 ပမာဏ မြင့်တက်လာရေလို့ ဆိုထားပါရေ။ ယင့်ဇုနန့် တောတောင် လယ်ယာတိမှာ ပိုးမွှားတိ မီးတိုက်မှုအစား ဇီဝဓာတ်မြေသြဇာ အဖြစ်နန့် ပြောင်းပနာ အသုံးပြုဖို့ တောင်သူတိကို နိုးဆော်ထားစွာ တွိ့ရပါရေ။ ရခိုင်မာဆိုကေ နွားချီးတိတောင် မီးတိုက်စွာ မြင်ပါဖူးပါရေ။ ထိုင်းမာဆိုကေ လူတိချီးတောင် အဆုံးမခံပါ။(ထမင်းစားနီကေတောင်းပန်ပါယင့်) ဓာတ်မြီသြဇာ လုပ်ပစ်ပါရေ။ ပွဲကြီးတိ ကျလာကေ ချီးကားတိ ရောက်လာပါရာ၊ ချီးကိုအခမဲ့ စိုက်ပါ။ သူရို့တိက ယင့်လူချိးတိကို ယူလားပြီးကေ ဓာတ်မြီအိုးစာ ပြန်လုပ်ပါရေ။ မီးတိုက် စွာတိကို အထူးယှောင်ပြီးကေ မြီမာမြုတ်နာ ဓာတ်မြီအိုးစာ အဖြစ်ပြန်ပြောင်းကတ်စွာတိလည်း ဟိပါရေ။ ယင့်ချင့်က လီထုညစ်နွမ်းမူကို လျော့ကျစီပါရေ။ ရီထုမှန်မှရာ မိုးမှန်ဖို့ ဖြစ်ပါရေ။ ထိုင်းမာတော့ခါ လီထုအခြီအနိန် သိနိုင်ဖို့ Air Quality Index (AQI) ကို အသုံးပြုပနာ တိုင်းတာပြီးကေ ပြည်သူတိ သိအောင် ထုတ်ပြန်ပါရေ။

#ပလတ်စတစ်ညစ်ညမ်းမှု

အရံခါက ထိုင်းနိုင်ငံစွာ ကမ္ဘာမာ ပလတ်စတစ်သုံးစွဲမှု အများဆုံးနိုင်ငံထဲမာ ပါဝင်ခပါရေ။ တစ်နှစ်မာ ပလတ်စတစ်စွန့်ပစ်ပစ္စည်း တန်ချိန် ၂ သန်းလောက် ထွက်ရေလို့ သိရပါရေ။ ပလတ်စတစ်စွာ ရီထု ညစ်ညမ်းမှုနန့် အစာကွင်းဆက်တိကို ကကောင်းဒုက္ခ ပီးပါရေ။ ပလတ်စတစ် စွန့်ပစ်ပစ္စည်း တိစွာ ရီထု အတွင်းသို့ စီးဝင်ပြီးကေ ရီနီသတ္တဝါတိ (လိပ်တိ၊ ငါးတိ) ကို ထိခိုက်စီပိုင် ပလတ်စတစ် မီးတိုက် ဖျက်ဆီးတွက်နန့် လီထုညစ်ညမ်းမှုတိ၊ အဆိပ်ဓာတ်ငွိ့တိ (ဥပမာ- dioxins) ထွက်ပေါ်စီပါရေ။

ဖူးခက်ရို့၊ ကို့ဆမွီရို့၊ ပတ္တရာရို့ပိုင် ခရီးလား ဒေသတိဆိုကေ ပလတ်စတစ်ပုလင်းတိနန့် ထုပ်ပိုးပစ္စည်းတိစွာ ကမ်းခြီနန့် သဘာဝအလှတရားကို ထိခိုက်စီပါရေ။ ဂုဆိုကေ ထိုင်းနိုင်ငံမာ ပလတ်စတစ်လျော့ချဖို့အတွက် 1A3R စနစ်ကို သုံးနိန်ကပါရာ။ 1A3R ဆိုစွာ-

Avoid (ရှောင်ကြဉ်ရီး)-ပလတ်စတစ်ပိုင် အမှိုက်ဖြစ်ပေါ်စီရေ ပစ္စည်းတိ အသုံးပြုမှုကို ရှောင်ကြဉ်ဖို့။ ဥပမာ- တစ်ခါသုံးပလတ်စတစ်အိတ်တိအစား အကြိမ်ကြိမ်းအသုံးပြုနိုင်ရေ အိတ်တိအသုံးပြုဖို့

Reduce (လျှော့ချရီး)-အမှိုက်ဖြစ်ပေါ်စီရေ ပစ္စည်းတိ အသုံးပြုမှုကို လျှော့ချဖို့။ ဥပမာ- စားသောက်ကုန်တိမာ ပလတ်စတစ်တိ အသုံးပြုမှု လျှော့ချဖို့။

Reuse (ပြန်သုံးရီး)-ပစ္စည်းတိကို ပြန်ပနာ အသုံးပြုဖို့။

ဥပမာ- ရေသန့်ဗူးချေတိအစား ဗူးကြီးတိသုံးဖို့၊ ရီကုန်ကေ မဝဲပစ်ပဲ ထပ်လှဲသောက်ကေ၊ ပလစ်စတစ်ထုတ်ကုန်လျော့စီရေ။ ရီမထည့်ရာကေ၊ တခြားအသုံးတည့်နီရာမာ ပြန်သုံးဖို့။

Recycle (ပြန်ပနာအသုံးပြုရီး)- အမှိုက်တိကို ပြန်ပနာအသုံးပြုနိုင်ဖို့ ခွဲထုတ်ပြီးကေ ပြုပြင်ထုတ်လုပ်ဖို့။

ဥပမာ- ပလတ်စတစ်ပုလင်းတိကို ပြန်ပနာ အသုံးပြုနိုင်ဖို့ စုဆောင်းထားကေ နောက်ထပ်ပုံစံတမျိုးနန့် ကုန်ပစ္စည်းတစ်ခု ပြန်ထုတ်နိုင်ပါရေ။

တခါက မြို့ထဲ လားပါရေ။ အမိူက်ပုံးတိ လမ်းဘေးတိ မာချရေ၊ သုံးပုံးစီထားရေ(Avoid, Recycle, Reuse)ဆိုနာ စာရီးထားရေ။ ကိုယ်ပစ်ချင်စွာက ရီသန့်ဗူးအခွံ ဇာပုံးထည့်ရဖို့မသိ။ အမှန်က

Avoid စာကြွင်းတိ(ဓာတ်မြီအိုးစာရို့ပိုင်ပြန်အသုံးပြုဖို့-မြီမြှစ်ဖို့)။ Recycle ပြန်ထုတ်ကုန်ဖြစ်သုံးတည့်အမိုက်၊ Reuse ဆီးကြောပြီးကေ တနီရာရာမာ ပြန်သုံးနိုင်ရေ အမှိုက်ပါ။

သီးသန့်ခွဲထားလိုက်ကေ အမိူက်ကောက် လူတိအတွက် ပြန်ပနာ အသုံးပြုနိုင်ပိုင်။ အိမ်တိမာလည်း အသုံးတည့်သိမ့် အမိုက်တိကို စက်ရုံတိ ပြန်သွင်းနာ ကုန်းချောအဖြစ် ရောင်းစားလို့ ရပါရေ။

ကိုယ်ရို့ ရခိုင်မာက အမိူက်ပုံးထားဖို့ စနစ်တောင် ပြင်ရ ပါဖို့သိမ့်။ ပင်လယ်ထဲ ပစ်ချရေ၊ လမ်းဘေးမာ ထားပစ်ခရေ။ အမြတ်တနိုးထားရေ နီရာတိမာလည်း ပလစတစ်အမှိုက်တိ အပြည့်ပါ။ အမိူက်ပုံး ကိုယ်စီ ပစ်တတ်လာရေ အကျင့်ဟိလာကေတော့ သန့်ယှင်းလာပါဖို့၊ ဒေချင့်က တစ်ယောက်တည်းလုပ်လို့ ရ အလုပ်မဟုတ်ပါ။ အားလုံးအမိူက်ကို စည်းကမ်းတစ်ကျ ပစ်ကေတော့ခါ ကိုယ်နီရေ နိန်ရာကို အလှဆင်စွာပိုင်၊ ကျမ်းမာရီးကိုလည်းကာကွယ်ပြီးသား သဘာဝပတ်ဝန်ကျင်ကိုလည်း ကာကွယ်ပြီးသား ဖြစ်လားပါရေ။

ထိုင်းမာတော့ လမ်းဘေးအမိူက်ပစ်စွာသည် ယှက်ဖို့ အကောင်းဆုံး အလုပ်ဖြစ်ပါရေ။

အရင်က ရွာတိဖက်မာ ဆိုလို့ဟိကေ ကြွကြွအိပ်ချေ တစ်လုံးရခကေ၊ အဘောင်မတိ၊ အမိတိစွာ ထရံချေ ကြားမာထိုးထားပါရေ တပုံကြီး၊ ပြီးကေ နောက်တစ်ခါ ပြန်သုံးရေ၊ ရီပုံးအခွန်တိဆိုကေလည်း ပုံစံမျိုးစံနန့် ပြန်သုံးပါရေ။ ယင့်ချင့်ဆိုသည် တဖက်ကကြည့်ကေ ကပ်စီးနည်းစွာ မဟုတ်ပါ၊ တဖက်က ပလတ်စတစ်တိ လျော့ချပြီးသား ဖြစ်လားပါရေ။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသား ဖြစ်လားပါရေ။


ထိုင်းနိုင်ငံနန့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရီးစနစ်

---------------------------------

ဒုတိယပိုင်းပြန်ဆက်ကတ်ပါမေ။

#လမုတော

ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားရေ နိုင်ငံတိစွာ လမုတောကို မဖြစ်မနိန် ထိန်သိမ်းရပါရေ။ ဇာလို့လေ့ ဆိုကေ လမုတောတိစွာ လိုင်းလုံးကြီးတိ၊ ဆူနာမီတိနန့် မုန်တိုင်းဒဏ်တိကို အကာအကွယ် ပီးဖို့နန့် ကမ်းရိုးတန်းတိကို ကာကွယ်ပီးရေ သဘာဝ အတားအဆီးတိ ဖြစ်ပါရေ။ ဉပမာ-ရီကန်ချေ တခုမာ တဖက်မာ သစ်ကိုင်းချေတိ အပြည်ထည့်ထား နောက်တဖက်က နိန်ပနာ ယင်းမာဟိရေ ရီကို လှုပ်လိုက်ကေ လိုင်းကယက်တိစွာ သစ်ကိုင်းတိဘက်က ရီဘောင်ကို မကျော်လာပဲနန့် သစ်ကိုင်းတိ ကြားမာ ရပ်လားပါရေ။ ရွာဖက်တိမာ ဆိုလို့ဟိကေ ရီခတ်ဖို့လားကေ ရီးအိုးထဲက ရီတိ ဘောင်ဘန်ခတ်လတ်မေလို့ သစ်ခက်ချေတိ ထည့်နာ ခတ်ကတ်တေ သဘောပါ။ ယင်းသစ်ခက်ချေက ယင့်ရီအိုးထဲက ရီကို မလှူပ်ရအောင် ထိန်းပီးပါရေ။ ယင်းတိုင်းပါရာ ပင်လယ်ရီတိ ကုန်းထက်ကို ရိုက်ခတ်မူ မဟိလာရအောင် အမြစ်ခိုင်ခိုင်နန့် ထိမ်းပီးနိုင်စွာ လမုတောရာ ဟိပါရေ။ လမုတောလို့ ပြောလိုက်ကေ လမုပင်သက်သက်ကို ပြောစွာတော့ မဟုတ်ပါ။ ပြားဇီးပင်, ကဘိုင်ပင်, ရီအုန်းပင်, ဗြူးပင်, လမုပင်, ပြာပင်,ဆလိမ်တော, သစ်ကလိမ်ပင်, မိူဟင်းတော အကုန်ပါပါရေ။ ယကေလည်း အမြစ်ခိုင်ခန့်မူ အဟိဆုံးစွာ လမုပင်ဖြစ်တွက်နန့် လမုတောလို့ ခေါ်ကတ်ပါရေ။

သီးသန့် လမုပင်ကျေး စုပနာပေါက်နီရေ လမုတောလည်း ဟိပါရေ။ ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသတိဖြစ်ကတ်တေ ဖူးခက်,ရယောင်,ပတ္တရာ ရို့ဆိုကေ လမုတောတိကို စနစ်တကျချေနန့် ထိန်းသိမ်းထားပါရေ။ ထိုင်းတိ ဇာပိုင် ထိုင်းသိမ်းကတ်လည်း ကြည့်ကတ်ပါမေ။

၂၀၂၄-ဒီဇင်ဘာမာ ရယောင်ကို တစ်ခေါက်ရောက်ခတ်ပါရေ။ ပင်လယ်ကမ်းခြီ လိုင်းလုံးဒါဏ်တိ ဇာနည်းနန့် ကာကွယ် အလှဆင်ထားလေ့ ဆိုစွာတော့ ထားလိုက်ပါဖိ။ လမုတောဖက် လားကတ်ပါမေ။

ရယောင်မာ လမုတော ဧကပေါင်း ၂,၄၀၀ ကျော်ဟိပါရေ၊ ယင့်လမုတောကို သဘာဝအလှတရားနန့် ဂေဟစနစ် ထိန်းသိမ်းရီးအတွက် ထိမ်းသိမ်းပြီးသားလေ့ ဖြစ်အောင် ခရီးလားပုဂ္ဂိုလ်တိ လာချင်စရာ နီရာတစ်ခု ဖြစ်အောင်ပါ ဖန်တီးလိုက်ပါသိမ့်ရေ။ ယင်းလမုတောထဲမာ ပြားဇီးပင်, ကဘိုင်ပင်, ရီအုန်းပင်, ဗြူးပင်, လမုပင်, ပြာပင်,ဆလိမ်တော, သစ်ကလိမ်ပင်, မိူဟင်းတော အကုန်ဟိပါရေ။ မခူးရပါ။ ငှက်တိ, ဂဏန်းတိ သဘာဝတိုင်းအစုံ သျှင်သန် နီကတ်ပါရေ။ ယင့်ချင့်ကို ခရီးလားတိပါ လာကြည့်ချင်လာအောင် ဧကပေါင်း ၂,၄၀၀ ကို သစ်သားတံတား တလျောက်လုံးကို ခင်းပီးထား လိုက်ပါရေ။

ဘေးကချောင်းချေတိမာ လောင်းချေတိ စီးလို့ရအောင် လောင်းချေတိ ချပီးထားပါရေ။ အခမဲ့မစီးရပါ။ (#ထိုင်းနိုင်ငံနန့်အခွန်စနစ် ပြန်ဖတ်ပါ)

ခရီးလားပုဂ္ဂိုလ်တိစွာ သစ်သားတံတားမာ လမ်းလျောက်ဖို့နန့် လောင်းစီးဖို့ နီဝင်ချိန်, နီထွက်ချိန်ကို ကြည့်ဖို့ လမုတောကို လိ့လာဖို့ သတ်သတ်ကို လာလည် ကတ်ရပါရေ။ တချက်ခုတ် နှစ်ချက်ပြတ် သဘောပါ။ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးသား၊ လမုတောကိုလည်း ကာကွယ်ပြီးသား အခွန်စနစ်လည်း ပါပြီးသားပါ။ တစ်ခုဟိစွာက လူမမြင်ဆိုပြီးကေ ယောင်လို့တောင် အမိူက်မပစ်မိပါစီကေ့။ CCTV တိ ဆလိမ်ခြုံတိုင်းမာ ဟိပါရေ။ ဆိုလိုချင်စွာက လမုတောစွာ ပင်လယ်ရီကို ကာကွယ်ဖို့အတွက် မဟိမဖြစ်အရီးကြီးကြောင်း လူတိလည်း သိအောင် တန်ဖိုးလည်း ထားတတ်အောင် ပြင်ဆင်လိုက်ရေ သဘောရာ ဖြစ်ပါရေ။

ရခိုင်မာဆိုကေ အိမ်ခေါင်မိုးဖို့ ရီအုန်းပင်တိ ခွတ်နီကတ်စွာ ခေတ်အဆက်ဆက်၊ ယကေလည်း အလက်တိရာ ခွတ်ပြီး အမြစ်မခွတ်ပစ်ကတ်စွာ ကံကောင်းပါသိမ့်ရေ။ တချို့ဒေသတိ ဖက်မာတော့ခါ ရီအုန်းပင်တောင် မပေါက်နိုင်ပါရာ။(ရီအုန်းသီးဧ့ အရွက်ကို အိမ်မိုး၊ အသီးက အရည်ကို အုန်ရည်လုပ်၊ အသီးက အဖတ်ကို ကုန်ကြမ်းလုပ်၊ အဖူးကို ဟင်းချက်စား လို့ရရေ)။ ဆိုးစွာက လမုပင်တိကို ဂဏန်းပုန်းထောင်စွာမာ သုံးဖို့ ခွတ်ပစ်စွာတိက နမျောဖို့ ကောင်းပါရေ။ ကပိုင်သားတိ ဆိုကေလည်း ထမ်းဆိပ်ဖို့နန့် မီးသွီးဖုတ်ဖို့၊ အုဠ်ဖုတ်ဖို့ ခုတ်နီကတ်စွာတိက ကြာလာကေ လမုတောတောင် ကျန်လီဖို့ မဟုတ်ပါ။

ရခိုင်စွာ မီးတောင်အန္တရာယ်, ငလျှင်အန္တရာယ်, မုန်းတိုင်း အန္တရာယ် အချိန်မရွီး ကျလာနိုင်ရေ နီရာတစ်ခု ဖြစ်ပါရေ။ ပိုဆိုးစွာက မုန်းတိုင်း အန္တရာယ် ဖြစ်ပါရေ။ လမုတောတိ ဟိသိမ့်လို့ ဒေနိ ထိန်းထားနိုင်ခကေလေ့ လမုတော မဟိရာရေ နောက်ပိုင်းမာ အချိန်မရွီး ရီလှိုင်းဒါဏ်ကို ခံရလားနိုင်ပါရေ။

ပြီးကေ လမုတောဟိခြင်းစွာ ငါးမျိုးစိတ်၊ ဂဏန်း၊ ပုစွန်နန့် ပင်လယ်လိပ်တိအတွက် မျိုးပွားဖို့နန့် နီထိုင်ရာ နီရာဖြစ်ပါရေ။ ယင့်ဇုနန့် လမုတော့တိ အတတ်နိုင်ဆုံးကာကွယ် နိုင်ခကေတော့ ကောင်းဖို့ ထင်မိပါရေ။ စီးပွါးရီးအရ မတတ်သာလို့ လုပ်ကတ်ရကေလေ့ ခြီထောက်အရှည်ကြီး အသီးတိအရှည်ကြီး ပင်လယ်ကမ်းရိုးတန်းကို စီမ်းစိုအောင် အလှဆင်နီကတ်တေ လမုပင်တိတော့ ချမ်းသာပီးကတ်ပါ။

#နိဂုံချုပ်

သဘာဝပတ်ဝန်းကျင်ဆိုစွာ ဒေကမ္ဘာမာ မှီတင်းနီထိုင်ကတ်တေ လူတိုင်းနန့် သက်ဆိုင်ပါရေ။ မထင်မှတ်ပဲ လုပ်လိုက်တေ ကိုယ်လုပ်ရပ်တိက ပတ်ဝန်းကျင်ကို ထိခိုက်စီပိုင် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စီပါရေ။ ယင့်ဇုနန့် သဘာဝပတ်ဝန်းကျင် လှပလာဖို့နန့် သန့်ရှင်းလာဖို့ ထိုင်းတိစွာ အထူးဂရုစိုက် အလေးထားပါရေ။ ယင်းလောက် အလေးထား စွာတောင် ရာသီဉတုဖောက်ပြန်မူတိ၊ ဖုန်မူန့်ထူထပ်မူတိ ကြုံနီရတုန်းဖြစ်ပါရေ။ ရခိုင်မာဆိုကေ ကိုယ်ရို့အပါအဝင် ဇာလောက်ထိ သဘာဝပတ်ဝန်းကျင်ကို ညစ်နွမ်းစိ ခတ်ကတ်ရာလည်း မပြောတတ်အောင်ပါ။

သစ်တောထိန်းသိမ်းရီး ,ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရီး, လီထုညစ်ညမ်းမှုထိမ်းသိမ်းရီး, မလိုအပ်ပဲ မီးတိုက်စွာကာကွယ်ရီး, ပလစ်စတစ်အလွန်အကျွံသုံးစွဲမူ လျော့ချရီး, စည်းကမ်းတကျ အမိူက်စွန့်ပစ်ရီး, လမုတောတိ ထိန်းသိမ်းကာကွယ်ရီး စသဖြင့် ဘက်ပေါင်းစုံက ပါဝင်နီပါရေ။

ရခိုင်စွာ သဘာဝသစ်တောပေါတိရေ ဒေသတစ်ခုဖြစ်ပါရေ။ ကြိုးဝိုင်းသစ်တော ၁၃ ခု၊ ပြည်သူပိုင်သစ်တော ၂၃ ခု (ဧရိယာအကျယ်အဝန်းအားဖြင့်ဆိုကေ ၁,၅၇ဝ,၇၂၇.၇၂ ဧက) နန့် ဧရိယာအကျယ်အဝန်းစွာ ၄၃၃,၈၄၃ ဧကဟိပါရေ။ အမြဲတမ်းသစ်တောမြီ (Permanent Forest Estate) ဧရိယာစုစုပေါင်းမာ ၂,၁ဝ၈,၈ဝ၂.၆၃ ဧကဟိပါရေ။

ယင်းသစ်တောတိုင်းမာ ဇီဝမျိုးစိတ်ပေါင်းစုံ နိန်ထိုင်ကတ်ရေလို့ သိရပါရေ။ ရခိုင် မြို့နယ်တိုင်းမာ လမုတောတိ ပိုင်ဆိုင်ထားပါရေ။ ယင့်ချင့်ထက် ကံကောင်းစွာမဟိပါရာ။ လှပရေ ယဉ်ကျေးမူ နီရာတိ၊ ကမ်းခြီတိဟိရေ၊ အမိူက်တိနန့် ပြည့်နီကေ လာလည် လူတိအတွက် အဆင်မပြေစီပိုင် ကိုယ့်ကျန်းမာရီးနန့် ရာသီဉတုကိုလည်း ထိခိုက်စီပါရေ။

နောက်တစ်ခုက အိမ်သာစနစ်တောင် ခိုင်မာမူမဟိခါ သဘာဝအလှတရားတိကို ပိုပြီးကေ ညစ်ပတ်မူတိနန့် ဖုန်းလွှမ်းလား စီပါရေ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေဆိုစွာက ကောင်းပင် အနုစိတ်ကျရေ အရာတစ်ခုလည်း ဖြစ်နီရေခါ ရှင်းပြရ စကေတော့ ခက်ပါဖို့။

ငါစည်းကမ်းမဟိလို့ ပစ်လိုက်ရေ အမိူက်တစ်ခု၊

ငါခွတ်လိုက်ရေ အပင်တစ်ပင်၊

ငါသုံးလိုက်ရေ ပလတ်စတစ် တစ်ခု၊ နန့်ပင် သဘာဝပတ်ဝန်းကျင်ထိခိုက်ဖို့လား တွိးကတ်စွာက စရေ ကိစ္စပါ။ ငါတစ်ယောက်တည်းကြောင့်တော့ခါ တစ်ခုလည်း မဖြစ်ပါ။

ငါတိများလာရေခါ အမိူက်ပုံကြီး ဖြစ်လား ပါရေ။ သစ်ပင်တိ ပြုန်းလားနိုင်ရေ၊ ပလတ်စတစ်တိ ပိုများလာရေ။

ယင့်ဇုနန့် ငါကအစ ပြုပြင်မှရာ နောက်ငါတိလည်း ပြင်ကေ သဘာဝပတ်ဝန်းကျင်စွာ လှပလာဖို့ ဖြစ်ပါရေ။

သဘာဝပတ်ဝန်းကျင်အလှတရားနန့် ဘဝကို အလှဆင်နိုင်ကတ်ပါစီ၊


YaThaWinTha