ထိုင်းနိုင်ငံ အခွန်စနစ်ကို နည်းယူခြင်း

Article Cover

ထိုင်းနိုင်ငံ အခွန်စနစ်ကို နည်းယူခြင်း

===================

အခွန်စွာ ထိုင်းအစိုးရဧ့ အဓိကဝင်ငွီရင်းမြစ်ဖြစ်ပါရေ။ ထိုင်းနိုင်ငံလို့မဟုတ်ပါ။ ဇာနိုင်ငံမဆို နိုင်ငံတစ်ခုတိုင်းစွာသည် အခွန်နန့် လည်ပတ်ရစွာ ဖြစ်ပါရေ။ ယင့်အခွန်ကို အခြီပြုပြီးမှရာ နိုင်ငံတိုးတက်ရီးကို ဖော်ဆောင်လို့ ရစွာဖြစ်ပါရေ။ အခွန်စွာ အများပြည်သူသုံးစွဲမူတိ (ဥပမာ: အခြီခံအဆောက်အအုံ၊ ပညာရီး၊ ကျန်းမာရီး၊ အစိုးရလစာ) စသည်ရို့အတွက် ရန်ပုံငွေလည်း ဖြစ်ပါရေ။

ဂုဆိုကေ ထိုင်းအစိုးရစွာ အခွန်စီမံခန့်ခွဲမှုကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲလာပြီးကေ (ဥပမာ: e-Filing) အခွန်ပီးဆောင်မှုကို ပိုပြီးကေ လွယ်ကူလာစီပါရေ။

အခွန်ယှောင်တိမ်းမှုစွာ အစိုးရဝင်ငွေကို ထိခိုက်စီပြီးကေ တရားမျှတရေ အခွန်စနစ်တည်ဆောက်ဖို့ အဟန့်အတားဖြစ်စီပါရေ။ ယင့်ချင့်ကြောင့် အခွန်ဦးစီးဌာနစွာ စစ်ဆီးမှုတိနန့် ဒဏ်ရိုက်မှုတိကို တင်းကျပ်ထားပါရေ။

အခွန်ဝင်ငွီစွာ မြို့ပြဒေသတိ ပိုပြီးကေစည်းကားဖို့နန့် ကျေးလက်ဒေသတိဧ့ ဖွံ့ဖြိုးမှုအတွက် လုံလောက်ရေ ဖြန့်ဝီမှုမဟိခကေ ဒေသဆိုင်ရာ မညီမျှမှုတိကို ဖြစ်ပေါ်စီပါရေ။ နောက်ပြီးကေ

အခွန်ပြောင်းလဲမှုတိစွာ စီးပွားရီလုပ်ငန်းတိ၊ ခရီးလားလုပ်ငန်းနန့် ပြည်သူတိဧ့ နိစဉ်သုံးစွဲမှုအပေါ် တိုက်ရိုက်သက်ရောက်မူဟိပါရေ။ ဥပမာ: VAT တိုးမြှင့်လိုက်စွာနန့် လူနီမှုကုန်ကျစရိတ်ကို ဇိကေလောက် မြင့်တက်စီနိုင်ရေ။ ထိုင်းမာအခွန် အမျိုးအစား သုံးမျိူးဟိပါရေ-

၁။ တိုက်ရိုက်အခွန်တိ

တစ်ဦးချင်း ဝင်ငွေအခွန် (Personal Income Tax - PIT)

ထိုင်းနိုင်ငံမာ နီထိုင်သူတိစွာ ၎င်းရို့ဧ့ ဝင်ငွီအပေါ်မူတည်ပနာ အခွန်ပီးဆောင်ရပါရေ။ အခွန်နှုန်းစွာ ဝင်ငွေ အဆင့်ပေါ်မူတည်ပနာ ၀% က ၃၅% အထိ ဟိပါရေ။ ဥပမာ: နှစ်စဉ်ဝင်ငွီ ၁၅၀,၀၀၀ ဘတ် အထိ: အခွန်ကင်းလွတ်ခွင့်ဖြစ်ပြီးကေ၊ ၁,၀၀၀,၀၀၁ ဘတ်နန့် အထက်ဝင်ကေ ၃၅% ပီးရပါရေ။ ယင့်ချင့်စွာ အလွှာစုံပီးရစွာပါ။

ကော်ပိုရိတ်ဝင်ငွေခွန် (Corporate Income Tax - CIT)

ထိုင်းနိုင်ငံမာ မှတ်ပုံတင်ထားရေ ကုမ္ပဏီတိစွာ ၎င်းရို့ဧ့ အသားတင်အမြတ်အပေါ် မူတည်ပနာ အခွန်ပီးဆောင်ရပါရေ။ ပုံမှန်ဆိုကေ ကော်ပိုရိတ်အခွန်နှုန်းစွာ ၂၀% ဖြစ်ကေလေ့ အသေးစားနန့် အလတ်စား စီးပွားရီးလုပ်ငန်းတိ (SMEs) အတွက် လျှော့ချထားရေ နှုန်းထားလေ့ဟိပါရေ။ ဥပမာ: ဝင်ငွေ ၃၀၀,၀၀၀ ဘတ်အောက်ဟိ SMEs များအတွက် ၀% မှ ၁၅%တိပီးသွင်းရပါရေ။

၂။ သွယ်ဝိုက်အခွန်တိ

တန်ဖိုးထပ်ဆောင်ခွန် (Value Added Tax - VAT)

ထိုင်းနိုင်ငံစွာ ကုန်စည်နန့် ဝန်ဆောင်မှုတိကို VAT ကို ၇% နှုန်းနန့် ကောက်ခံပါရေ။ နှစ်စဉ်ဝင်ငွီ ၁.၈ သန်းဘတ် ထက်ကျော်လွန်ရေ လုပ်ငန်းတိစွာ VAT မှတ်ပုံတင်ဖို့ လိုအပ်ပါရေ။ အချို့ပစ္စည်းတိ (ဥပမာ: ဆီးဝါး၊ ပညာရီးဝန်ဆောင်မှု) စွာ VAT ကင်းလွတ်ခွင့်ဟိပါရေ။

အရက်၊ ဆီးလိပ်၊ လောင်စာဆီနန့် သတ်မှတ်ထားရေ ဇိမ်ခံပစ္စည်းတိပါးက အထူးအခွန်ကောက်ခံပါရေ။

အိမ်ခြံမြီ ပိုင်ဆိုင်သူတိစွာ နှစ်စဉ် မြီနန့်အိမ်အခွန် (Land and Building Tax) ပီးဆောင်ရရေ။

၃။ အခြားအခွန်တိ

အိမ်နန့် မြီရောင်းချရာမာ ပြောင်းရွှိ့ခအခွန် (Transfer Fee) တန်ဖိုးဧ့ ၂% ကောက်ခံပါရေ။

စာချုပ်တိ၊ အိမ်ခြံမြီ ပြောင်းရွှိ့မှုတိမာ သက်ဆိုင်ရေပမာဏကောက်ကခံပါရေ။ (ဥပမာ: ၀.၅% နှုန်း)။

၂၀၂၀ ခုနှစ်မာ ထိုင်းနိုင်ငံစွာ နိုင်ငံတကာ ဒစ်ဂျစ်တယ်ပလက်ဖောင်းတိ (ဥပမာ: Netflix, Google, Facebook) က ဝန်ဆောင်မှုတိပါးက ၇% VAT ကောက်ခံဖို့ ဥပဒေပြဋ္ဌာန်းခပါရေ။ ဉပမာ-ထိုင်းပြည်သူတစ်ယောက်က Youtube က ဝင်ငွီ ဘတ်(၁၀၀၀)ရခကေ အစိုးရကို 7% ပီးရပါဖို့ ။

SMEs အသားတင်ဝင်ငွေ ၃၀၀,၀၀၀ ဘတ်အောက်ဟိ SMEs ဆိုင်တိအတွက် ၀% အခွန်နှုန်း သတ်မှတ်ပါရေ၊

ဘန်ကောက်မြို့လုံးမာပြည့်နိန်ရေ ဆိုင်းဘုတ်အခွန် (Signboard Tax)

ထိုင်းအက္ခရာ: တစ်စတုရန်းမီတာကေ ၃ ဘတ်

နိုင်ငံခြားအက္ခရာ (သို့) ရောနှောအက္ခရာ: တစ်စတုရန်းမီတာလျှင် ၂၀-၄၀ ဘတ်

အနည်းဆုံးအခွန်ပမာဏ: ၅၀ ဘတ် ဖြစ်ပါရေ။

နောက်ထပ်ထိုင်းမှာ အရဆုံးအခွန်ကတော့ခါ

ခရီးသွားအခွန် (Tourism Tax) ဖြစ်ပါရေ။ လီကြောင်းနန့် ဝင်ရောက်လာရေ ခရီးတိ အတွက် ၃၀၀ ဘတ် (ခန့်မှန်းခြီ ၈-၉ ဒေါ်လာ) ကောက်ခံပါဖို့။ အရင်က ၁၅၀ ပါ။ ကုန်းလမ်း (သို့) ရီကြောင်းနန့် ဝင်ရောက် လူတိအတွက်လည်း ၃၀၀ ဘတ် ကောက်ခံပါရေ။ နောက်ဆိုကေ Thailand Digital Arrival Card (TDAC) စနစ်နန့် ချိတ်ဆက်ပြီးကေ အခွန်ကောက်ခံမှုကို လုပ်ပါဖို့။ ယင့်စနစ်ကို ၂၀၂၅ မေလ ၁ ရက်မာ စတင်ဖို့ ကြေညာထားပါရေ။ ပြီးကေ ရွီ့ပြောင်းအလုပ်သမားပါးကအခွန်တိပါပါဖို့။ အလုပ်သမားတိဧ့ နိုင်ငံကူးလက်မှတ် (သို့) အလုပ်လုပ်ခွင့်သက်တမ်း၊ ဗီဇာ တိက ရဟိရေ အခွန်ဟိပါဖို့။

ခုတောင် မြန်မာနိုင်ငံသား ၄သန်းကျော်ဆိုကေ တစ်ယောက်ပါး တစ်ထောင်ရာထွက်ကေတောင် ထိုင်းတိ ခိုင်နီပါရာ။ ကမ္ဘောဒီယား၊လာအို နောက်တခြားနိုင်ငံတိက အလုပ်သမားတိလည်း အခွန်ဆောင်မှ အလုပ်လုပ်လို့ ရစွာပါ။ အခွန်အသေးစိတ်ကိုတော့ မပြောပါရာ။

#အခွန်တိမ်းရှောင်ခြင်း (Tax Evasion)

ထိုင်းနိုင်ငံမာ အခွန်တိမ်းယှောင်ခြင်း (Tax Evasion)ကို ထိရောက်အောင် အရီးယူပါရေ။ တစ်ဦးချင်းဝင်ငွီအခွန် (PIT) ကို ယှောင်လွှဲဖို့ ဝင်ငွီကို ဖုံးကွယ်ခြင်း။

တရားမဝင် အလုပ်လုပ်ကိုင်ခြင်းနန့် အခွန်စနစ်အတွင်း မပါဝင်ခြင်း။

တန်ဖိုးထပ်ဆောင်ခွန် (VAT) ကို ဖောက်သည်တိပါးက ကောက်ခံပြီးကေ အစိုးရပါး မတင်သွင်းခြင်း။

ဝင်ငွီကို လျှော့ပြခြင်း (သို့) မမှန်ကန်ရေ ဘဏ္ဍာရီးမှတ်တမ်းတိ တင်ပြခြင်း။

ဆိုင်းဘုတ်အခွန် (သို့) အိမ်နန့် မြီအခွန်ကို ရှောင်လွှဲဖို့ ကြိုးပမ်းခြင်း။

ဒေသဆိုင်ရာ ရောင်းချခွင့်ကြေးတိကို မပီးဆောင်ခြင်း။

တရားဝင်မှတ်ပုံတင်ခြင်းမဟိဘဲ ရောင်းချခြင်း၊ ဝင်ငွေခွန်တိကို ယှောင်လွှဲခြင်း။

ယင့်ပိုင်အချက်တိ တွိ့ခကေ အခွန်ပမာဏဧ့ ၁-၂ ဆ နှစ်ဆ တိုးကောက်အပြစ်ပီးပြီးကေ ယင့်ထက် ပြင်းထန်ပနာရှောင်ကေ ထောင်ဒဏ် ၃-၆ လမှ ၇ နှစ် ထိ ကျခံနိုင်ပါရေ၊ ရွိ့ပြောင်းအလုပ်သမားတိတွက်ဆိုကေ အလုပ်လုပ်ခွင့်ကတ် (Work Permit) ဆုံးရှုံးခြင်း (သို့) နယ်နှင်ဒဏ်ခံရနိုင်ခြင်း ထိ အရီးယူဆောင်ရွက်ပါရေ၊

#၂၀၂၄အနှစ်ချုပ်အခွန်

အနှစ်ချုပ်အခွန် တွက်ကြည့်ကတ်ပါမေ။

ထိုင်းနိုင်ငံဧ့ ၂၀၂၄ ခုနှစ်အတွက် တစ်နှစ်တာ အခွန်ဝင်ငွေနန့် ပတ်သက်ရေ အချက်အလက်တိကတော့ခါ

၂၀၂၄ ခုနှစ်အတွက် ထိုင်းနိုင်ငံဧ့ အခွန်ဝင်ငွေစွာ ၂.၇ ထရီလီယံ ထိုင်းဘတ် (ခန့်မှန်းခြေ ၇၅.၆ ဘီလီယံ အမေရိကန်ဒေါ်လာ) ခန့်ဟိပါရေ။

တန်ဖိုးထပ်ဆောင်ခွန် (VAT): ၉၁၃.၆ ဘီလီယံ ဘတ်ရဟိခပြီးကေ၊ ၂၀၂၄ ခုနှစ်မာ စီးပွားရီး ပြန်ပနာ နာလန်ထူမှုနန့် ခရီးလားလုပ်ငန်းတိုးတက်မှုကြောင့် ရဟိလာရေ အခွန်ပမဏာဖြစ်ပါရေ။

ကော်ပိုရိတ်ဝင်ငွေခွန် (CIT): ဒုတိယအကြီးဆုံး အခွန်ဝင်ငွေအရင်းအမြစ်ဖြစ်ပါရေ။

တစ်ဦးချင်းဝင်ငွေခွန် (PIT): PIT စွာ CIT ထက်ဇိကေ နည်းကေလည်း ၂၀၂၄ မှာ တိုးတက်မူဟိလာရေလို့ ထုတ်ပြန်ထားပါရေ။

၂၀၂၄ ခုနှစ်မာ ထိုင်းနိုင်ငံဧ့ အခွန်ဝင်ငွီစွာ GDP ဧ့ ၁၃.၂-၁၅.၅% ခန့်ဟိဖို့လို့လည်း ခန့်မှန်းထားပါရေ။

ခရီးလားလုပ်ငန်းစွာ ထိုင်းနိုင်ငံဧ့ အခွန်ဝင်ငွီ၊ အထူးသဖြင့် VAT အတွက် အဓိက အထောက်အကူ ဖြစ်ပါရေ။ ဟိုတယ်နန့် တည်းခိုခန်းတိစွာ VAT (၇%)၊ CIT (၂၀%)၊ PIT (၀-၃၅%) နန့် အိမ်နန့် မြီအခွန် (၀.၃%) က တစ်ဆင့် အခွန်ဝင်ငွီကို အထောက်အကူပြုပါရေ။

#သုံးသပ်ချက်

အခွန်ကရရေ တနှစ်စာ ထိုင်းဘတ် ၂.၇ ထရီလီယံ ဆိုစွာ ထိုင်းနိုင်ငံ အစိုးရတရပ် ကောင်းကောင်းလည်ပတ်ဖို့ လုံလောက်ရေ ပဏာဏ ဆိုစွာမြင်မိပါရေ။ အများဆုံးစွာသည် ခရီးလားလုပ်ငန်းကဆိုစွာကို သတိပြုမိရေ၊ နိုင်ငံသားတိုင်း အခွန်ဆောင်မူနန့် အခွန်ရအောင် အစိုးရ ဖန်တီးပီးမူစွာသည် ပိုပြီးကေ စိတ်ဝင်စားဖို့ ကောင်းပါရေ။

ယာခင်းမှန်သမျှ၊ လယ်ခန်းမှန်သမျှ ကိုနိုင်ငံခြားသားနန့် ပြည်တွင်းကလူတိ လာလည်ချင်စရာဖြစ်အောင် ဖန်တီးပစ်ပါရေ။

လိုအပ်ကေ ပန်းခြံတိပါ ဆောက်ပီးလိုက်ပါရေ။ တောင်တိ မှန်သမျှစွာ အလဟသ မဖြစ်လားစီရပါ၊ လူတိလာလည်ကေ ပုံရိုက်လို့လှ အောင် ရုပ်တုချေတစ်ခု၊ ဘုရားဆောင်ချေတစ်ဆောင် ဆောက်လုပ်ထားလိုက်ပါရေ၊ တစ်တောင်နန့် တတောင် တက်ရခက်နီကေ zipline တပ်ပီးလိုက်ပါရေ။

ကမ်းခြီဟူသမျှ အလွတ်မဖြစ်လားစီရပါ။

စည်ကားရောင် နည်းမျိုးစုံနန့် ဖန်တီးပီးလိုက်ပါရေ။ လယ်ကွက်၊ ရီကန်ချေ၊ ချောင်းချေတိက အစ အလွတ်မပီးပါ။ အလှဆန်ပစ်ပါရေ။

ရှီးဟောင်းဘုရားဇာတီ၊ အသစ်ဆောက်ရေ ဘုရားဇာတီ အကုန်လုံး စည်းစနစ်ကျအောင် ပြင်ဆင်ထားလိုက်ပါရေ။ ပြတိုက်တိ မြို့နယ်တိုင်းမာတည်ဆောက်ပီးလိုက်ရေ။

Digital Marketing ကို ကောင်းကောင်းအသုံးချပနာ ပုံတိနန့် ချပြလိုက်ကေ ဇာနိုင်ငံသား၊ ဇာပြည်တွင်းကလူ မြင်ကေမလာချင်ပဲ ဟိပါဖို့လဲ။

လာလည်ရေ လူတိအဆင်ပြေအောင် ဆိုင်တိ _တည်ခိုခန်းတိ_အစားအသောက်တိ_အ၀တ်အစားတိ စုံနီအောင်ချထားပီးလိုက်ရေ ။ ယင့်ချင့်အားလုံးစွာ အစိုးရကို အခွန်ဆောင်ရပါရေ။

ယင့်ပိုင် ဆွဲဆောင်မူစွာသည် ထိုင်းနိုင်ငံအနှံ လုပ်ပီးထားပါရေ။ ယင့်ချင့်သည် အစိုးရဧ့ အခွန်စီးဆင်းမူ ပရိုဂျက်ဖြစ်ပါရေ။

နမူနာ တစ်ခု ပြောပြပါမေ။ ၂၀၁၈ ချင်းရိုင်ခရိုင် ဂူထဲမာ အချေ(၁၁)ယောက်ပျောက်လားရေ ကိစ္စကို ကြားဖူးလိုက်ကတ်ပါဖို့။ ယင်းဂူစွာသည် အမျိူးသားဉယာဉ် နယ်နမိတ်ထဲမာဟိပါရေ၊ တောတောင်ထူထပ်ရေ၊ လူလားလူလာမဟိပါ၊

အချေကို ပြန်တွိ့ပြီးရေ နောက်ပိုင်းမာ ယင့်ဂူရှိမာ ယင့်အချေ(၁၁) ယောက် ရုပ်ပုံကို ရုပ်တုထုပြီးကေ ထားလိုက်ပါရေ။

ဂုဆိုလို့ ဟိကေ လည်ပတ်စရာနီရာတစ်ခု ဖြစ်လားပါရာ၊ အရင်ကလူမနီရေ လမ်းတစ်လျောက်လုံးစွာသည် နယ်ခံတိ စျီးတန်းတိ ဖြစ်လားပါရာ။

ယင့်ချင့်က ဒေပိုင်ကြည့်ကေ အဆန်းမဟုတ်ပါ။ ယင့်အရုပ်ကို ကြည့်ဖို့ ကိုယ်ရို့ကလားချင်ရေဆိုပါဖိ။

ဘန်ကောက်ကနိန် ချင်းရိုင်လားကေ အနည်းဆုံးတညအိပ်ပါ။ ကားခ (၃၀၀၀)ဆိုပါဖိ။ ယင့်ထက်ပိုပါဖို့။ ထိုင်းကားသမားတစ်ယောက် (၃၀၀၀) ခိုင်လားပါရာ။ ကားခအခွန်ကို အစိုးရယူပါရေ။

ကိုယ်ရို့ ယင့်လမ်းတစ်လျောက်မာသုံးလိုက်ရေ ရီကအစ၊ ထမင်းအဆုံး ထိုင်းပြည်သူဝင်ငွီပါ၊

ယင့်ဆိုင်တိက ဝယ်စားရရေ အတွက် ထိုင်းပြည်သူကုန်ပစ္စည်း ရောင်းရလားပြီးကေ ဆိုင်အခွန်ကို အစိုးရက ယူပါရေ။

ယင့်အခွန်တိနန့် ဒေထက် လာချင်အောင် လမ်းတိတည်ဆောက် ပီးလိုက်ရေ။ မြင်ကွင်းတိ ကောင်းအောင် ဖန်တီးပီးလိုက်ရေ။ ယင့်ဂူနားက ရွာတိစွာသည် အချေမပျောက်ခင် ၂၀၁၈ အနီအထားနန့် တခြားစီဖြစ်လာပါရေ။

ကိုယ်ပိုင် စီးပွါးရီးတစ်ခုကို ဝန်ငွီဖန်တီး ပီးလိုက်စွာ ဖြစ်ပိုင် အစိုးရ အခွန်ကိုလည်း ထပ်တိုးပြီးသား ဖြစ်လားစီပါရေ။ ဒေပိုင်ပုံစံမျိုးစွာသည် ထိုင်းနိုင်ငံအနှံမာဟိပါရေ။

ဒေနီရာမာ ဆက်စပ်လို့ စကေ အကျယ်ချဲ့ကြည့်ပါမေ။ လွန်ခရေ ရက်ပိုင်းက လိုင်းမာ ပလူပျံနီရေ Post တစ်ခုတွိ့ပါယင့်။ ဗောဓိတစ်ထောင်ဘုရား ပုံနန့် အောက်မာ ဆီးရုံပိစိချေပုံ၊ စာသင်ကျောင်းပုံချေတွဲပြပနာ ပြောထားကတ်စွာတိ 'ဘုရားကြီးပွါးဖို့ရာ လုပ်နီကတ်တေ စာသင်ကျောင်းမဟိ၊ ဆေးရုံမဟိ' ဆိုပြီးကေ ဘာသာရီးကို ကောင်းချိုးနိမ်နိမ် ဝေဖန်ထားကတ်ကို တွိ့ယင့်။ သူရို့တိကိုတော့ မဝေဖန်လိုပါ။

ထိုင်းအကြောင်းရာ နိုုင်းယှဉ်ပီးပါမေ။ ချင်းရိုင်မာ Big Buddha ဆိုစွာ ဟိပါရေ။ ကွမ်ရင် မယ်တော်ရုပ်ထုပါ။ ယင်းရုပ်ထုကို တည်နီရေ ကာလမှာ ယင့်ဒေသမာ ဆီးရုံမဟိပါ။ ကျောင်းကို မြို့သို့လားပနာ တက်ရပါရေ၊ လမ်းလည်း မကောင်းပါ။

(ယင့်ဘုရားအစား ကျောင်းဆောက်ပီး၊စာကြည့်တိုက်လုပ်ပီး၊လမ်းဖောက်ပီး၊ ဆီးရုံလုပ်ပီး လို့ထိုင်းတိမပြောပါ။ ပြောလို့လည်း မရပါ၊ ကျောင်းဆောက်၊စာကြည့်တိုက်၊လမ်းဖောက်၊ ဆီးရုံဆောက်စွာက အစိုးရ ပရိုဂျက်ပါ။ ဘုရားက အလှူရှင်နန့်တည်စွာပါ။ )

ဘုရားပြီးလားရေ နောက်မှာ တည်းခိုဖို့ ဟိုတည်တိ၊ ဆိုင်တိ၊ လမ်းပြတိ၊ ယင်းနယ်ခံတိ အလုပ်ရလားရေပိုင် အစိုးရအခွန်လည်းတိုးလာပြီးကေ ဂုဆိုကေ စီကားရေ မြို့ပိုင် ဖြစ်လားခပါရာ။

ပုဂံကိုကြည့်ပါ၊ အနည်းဆုံးပုဂံနယ်ခံတိ အလုပ်ရလားပါရေ၊ ကျိုက်ထီးရိုးကြည့်ပါ၊ အနည်းဆုံးတော့ ခါ ယင်းနည်ခံသားတိ အလုပ်ရလားပါရေ။ ကျိုက်ထီးရိုးဘုရားစောင်းတန်း ဆိုင်တိက အခွန်ကို အစိုးရ ရပါရေ။

အခွန် တိုးလာအောင် ဇာပိုင်ဆွဲဆောင်ဖို့လဲ ဆိုစွာကရာ အက္ခရာကျပါရေ။ အခွန်တိုးရလာကေ ဆီးရုံဆယ်ရုံလည်း ဆောက်ပစ်လို့ ရနိုင်ပါရေ။

ဒေနိရုပ်တုစွာ နောက်နှစ်(၁၀၀)မှာ ရှီးဟောင်းဖြစ်ပါရေ၊ ယင့်ချင့်စွာ ယဉ်ကျေးမူအမွီလို့ ခေါ်ပါရေ။

ယင့်ယဉ်ကျေးမူ အမွီအနှစ်တိကို အကောင်းဆုံး စီမံတတ်မှရာ နိုင်ငံတကာက လာလည်ဖို့ ဖြစ်ပါရေ။ လာလည်ကေ သူရို့အသုံးစရိတ်တိုင်းစွာ ပြည်သူ၀င်ငွီဖြစ်ပြီးကေ ရောင်းရမူတိုင်စွာ အစိုးရအခွန်ဖြစ်ပါရေ။

#နိဂုံးချုပ်

ဒေနိလက်ဟိ အချိန်မာ ထိုင်းနိုင်ငံစွာသည် အခွန်စနစ်ကို အကောင်းဆုံးအသုံးချနိန်နိုင်ငံ ဖြစ်ပါရေ၊ ခရီးလားဝန်ဆောင်မူက အခွန်များလာကေ ပြည်သူပါးက အခွန်ကို လျော့ကောက်လိုက်လို့ရပါရေ။

ထိုင်းတိ ခရီးလားဝန်ဆောင်မူကို ပြရေ အခါမှာလည်း ရှိးကျမူ မကျမူထက် လူတိ လာချင်အောင် ဇာပိုင်သေသပ်အောင် ပြင်ဆန်ပီးထားဖို့ဆိုစွာ အဓိကထားပါရေ။ တခါလာပြီးကေ နောက်တခါထပ်လာချင်အောင်စနစ်မျိုးစုံသုံးပါရေ။ ပြည်ပက တယောက်လာခကေ ဖြစ်ဖြစ် ပြည်တွင်းကတစ်ယောက်လည်ခစွာ ဖြစ်ဖြစ် သူရို့ကုန်ကျရေ စရိတ်တိုင်းစွာသည် ထိုင်းပြည်သူ ဝင်ငွီဖြစ်ပါရေ။ရောင်းရမူပစ္စည်းတိုင်းစွာသည် အစိုးရအခွန်ရပါရေ။

ရခိုင်မာဆိုက (၁၈) မြို့နယ်လုံးမာ အလှဆင်စရာတိ ပေါက ပေါနန့်။ မြောက်ဉီးကို ဗဟိုထားလိုက် လိုအပ်ချက်မဟိရအောင် ပြင်ဆင်လိုက် အလှဆင်လိုက်ကေ လာလည်ကဖို့ လူတိက ကန်ကားမကန်ပါ။ ခရီးလားဝန်ဆောင်မူကို အကြောင်းပြုပြီးကေ ရခိုင်လုထုလည်း အလုပ်ရလားဖို့ပိုင် အခွန်လည်း မြင့်လာစီဖို့ ဖြစ်ပါရေ။

မြောက်ဉီးကဘုရားတိ ဖြိုပြီးကေ ဆီးရုံဆောက်ဖို့ မတွေးပါကေ့၊ မြောက်ဉီးဘုရားကို လူတိဖူးချင် လိ့လာချင်အောင်ရာ လုပ်ပီးလိုက်ကေ ဆီးရုံ ဆယ်ရုံထက် ဆောက်ပီးပါလိ့မေ။ သေသပ်မူနန့် သန့်ယှင်းမူကိုရာ ဂရုစိုက်ပီးလိုက်ကေ ရပါရာ။

ထိုင်းအခွန်စနစ်ကို နမူနာယူပြီးကေ ပြည်ရခိုင်ကို အလှဆင်နိုင်ကတ်ပါစီ၊


YaThaWinTha