ထိုင်းနိုင်ငံစီးပွါးရီးကို အတုယူခြင်း

Article Cover

ထိုင်းနိုင်ငံစီးပွါးရီးကို အတုယူခြင်း

---------------------------------

ထိုင်းစီပွါးရီးဖခင်ကြီး ဘူမိဘော အဆို အမိန့်နန့်အရင် စလိုက်ပါမေ။

“ငရို့က ကကောင်းကြီးချမ်းသာနီဖို့ မလို။ ဒေသဘောထားကို ထိန်းထားနိုင်ခကေ ငရို့တိက အကောင်းဆုံး ဖြစ်လာလိ့မေ…”

၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နိမာ ဘုရင်ကြီး ဘူမိဘော အဒူလျာဒက်ဧ့ သဘောထား ထုတ်ပြန်ချက်ထဲက

-----------------------

ဗုဒွဧ့ မဇ္ဈိမပဋိပဒါနန့် မဂ္ဂင် 8 ပါး ကို စီပွါးရီးနယ်ထဲမှာ ကောင်းကောင်းအသုံးချလားရေ နိုင်ငံကို ပြပါဆိုကေ ထိုင်းနိုင်ငံပါလို့ ပြန်ဖြေကေ ယုံချင်မှ ယုံကတ်ပါလိမ့်မေ။ ယကေလေ့ ထိုင်းဘုရင်းကြီးဘူမိဘော ရီးထားရေ sufficiency economy philosophy စတမ်း အပြည့်အစုံဖတ်ပြီးလာကေတော့ ဟုတ်ကားချင့်လို့ ဖြစ်လားကတ်ပါလိမ့်မေ။

ဒေစာတမ်းစွာ လက်ဟိထိုင်းနိုင်ငံတဝန်းလုံးကျင့်သုံးနီရေ မူဝါဒ ဖြစ်ပိုင် ကျောင်းစာတိုင်းမာလည်း ပြထမ်း ထားရေ စာတမ်းတစ်ခု ဖြစ်ပါရေ။ B.A ဒုတိယနှစ်ကတော့ ဒေစာတမ်းကို သင်ဖူးခရေ။ စီးပွါးရီးကို စိတ်မဝင်စားရေခါ ကောင်းကောင်းသဘောပေါက်အောင် နားမထောင် မိခပါ။ ဂုမှ ပြန်ဖတ်ကြည့်ခါ ထိုင်းစီးပွါးရီး ရီသောက်မြစ် ဖြစ်နီစွာ တွိ့ရပါရေ။

ထိုင်းနိုင်ငံစွာ တခြားနိုင်ငံတိပိုင် သဘာဝသယံဇာတလည်း မထွက်ပါ၊ ဓာတ်ငွိ့,ကျောက်,ရွှီ,ပတ္တမြား,ရီနံလည်း မထွက်ပါ။ သစ်တောလည်း မဟိပါ။ ပင်လယ်ကလည်း နာမည် ဟိရုံတမေ အဖြားသတ်ရာဟိရေ။ ရာသီဉတုကြည့်ပြန်ကေလည်း မိုးခေါင်ရေ အပူပိုင်းဇုန်ထဲမှာ ပါဝင်ပါရေ။ ယင်းပိုင်နိုင်ငံတစ်ခုက ဂုဆိုလို့ ဟိကေ အိမ်နီးချင်းနိုင်ငံတိက အလုပ်လာလုပ်ရရေ နိုင်ငံတနိုင်ငံ ဖြစ်လာပါရာ။

#၁၉၇၄၀န်းကျင်ထိုင်းစီပွါးရီး

၁၉၇၄ ထိုင်းစီပွါးရီး အခြီအနိန်က အရင် ပြောပြပါမေ။ ၁၉၇၄ ဝန်ကျင်ထိ ထိုင်းစီးပွါးရီးစွာ သူများနိုင်ငံက ထုတ်ကုန်တိကို မှီခိုရပါရေ။ သူများနိုင်ငံက ထုတ်ကုန်မတင်သွင်းနိုင်ချိန်ဆိုကေ ထိုင်းတိ အငတ်ဘေးတောင် ဆိုက်ပါရေ။ ထိုင်းနိုင်ငံမာ စီးပွားရီးဆိုလို့ စိုက်ပျိုးရီးရာ အဓိကထားရပါရေ။ လူဦးရေ ၇၀% ခန့်စွာ လယ်ယာလုပ်ငန်းတိ အားကိုးပြီးကေ ဆန်၊ ရာဘာ၊ ပြောင်းနန့် ကြံစသည့် သီးနှံတိကိုရာ အဓိကထုတ်ကုန်တိဖြစ်ပါရေ။ မိုးခေါင်မူ ရီယှားမူကြောင့် ကကောင်းမဖြစ်ထွန်းနိုင်ပါ။

၁၉၇၃ ခုနှစ်မာ OPEC နိုင်ငံတိက ရီနံထုတ်လုပ်မှု ကန့်သတ်မှုနန့် ရီနံစျီးနှုန်းမြင့်တက်မှုကြောင့် စက်သုံးဆီ၊ သယ်ယူပို့ဆောင်ရီး စက်မှုထုတ်လုပ်ရီး ကုန်ကျစရိတ်တိ မြင့်တက်လာခပြန်ရေ။

ယင့်ရိုက်ခတ်မူက ထိုင်းက ဆန် တင်ပို့မှုဝယ်လိုအားလည်း ထိုးလျော့ကျစီပြန်ပါရေ။

ပြီးကေ ထိုင်းနိုင်ငံ ငွီကြေးဖောင်းပွမှုနှုန်းစွာ ၁၉၇၃-၁၉၇၄ မာ သိသိသာသာမြင့်တက် လာပြန်ရေ။ လူထုဧ့ နိစဉ်လူနီမှု ကုန်ကျစရိတ် မြင့်တက်စီခပါရေ။ နောက်တဖက်မာလည်း -

၁၉၇၃ ခုနှစ်မာ ထိုင်းနိုင်ငံစွာ ကျောင်းသားဦးဆောင်ရေ ဆန္ဒပြပွဲတိကြောင့် စစ်အာဏာသျှင်အစိုးရ ပြုတ်ကျခပြီးကေ ဒီမိုကရေစီ သို့ ကူးပြောင်းဖို့ ကြိုးပမ်းနီကကာလ ဖြစ်နီပြန်ပါရေ။ ယင်းကာထိစွာ နိုင်ငံရီး မတည်ငြိမ်မှုတိ၊ အစိုးရအပြောင်းအလဲတိနန့် မူဝါဒ မသေချာမှုတိကြောင့် စီးပွားရီး ဖွံ့ဖြိုးမှုကို ထိခိုက်သထက် ထိုက်ခိုက်နီကာလဖြစ်ပါရေ။ ထပ်ပြီးကေ ဗီယနမ်စစ်ပွဲ(အမေရိကနန့်ဗီယနမ်) စစ်ပွဲအပြီး ကွန်မြူနစ်ဝါဒတိုးပွါးလာအတွက် စီးပွါးရီးဖိအားပိုများလာပြီးကေ အလုပ်သမားတိနန့် လယ်သမားတိအကြား ဆန္ဒပြမှုတိ ပေါ်ပေါက်လာပြန်ရေ။ ယင်းတွက်နန့် ရင်းနှီးမြှုပ်နှံမှု ယုံကြည်မှုကို ထိခိုက်စီခပါရေ။ သွင်းကုန်ကိုရာ အားကိုးနီရ နိုင်ငံတစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှု ယုံကြည်မှု ပျက်ခကေ ထိုင်းပြည်သူတိ ဆင်းရဲတွင်းနက်ရ ပြန်ရေ။

ယင်းအခက်အခဲတိကို မြန်တွိ့လာစွာက ထိုင်းဘုရင်ကြီး ဘူမိဘောလ် အဒူလျဒေ့ (Bhumibol Adulyadej) (လက်ဟိဘုရင်ခမည်းတော်) ဖြစ်ပါရေ။ ဒေအခက်အခဲကို ဖြေယှင်းနိုင်ဖို့ အတွက် စာတမ်းတစ်ခု ဘုရင်ကြီးကိုယ်တိုင် ရီးဆွဲလိုက်ပါရေ။ ယင်းစာတမ်း နာမည်ကတော့ခါ Sufficiency Economy Philosophy(လုံလောက်ရေ စီးပွားရီး အတွေးအခေါ်) ဖြစ်ပါရေ။

#SufficiencyEconomyPhilosophy

ဒေစာတမ်းမာ ကျေးလက်လူထုစွာ နိုင်ငံတော်စီပွါးရီးကို အားကိုခြင်းထက် ကိုယ်အားကိုးနိုင်ရီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရီးနန်း ရီရှည်တည်တံ့ရီးဖွံ့ဖြိုးမှုကို အားပီးရီ၊ စီပွါးရီးကို ကိုယ်ကျင့်တရားနန့် ထိန်းညှိရီးတိကို အဓိက ရီးဆွဲထားစွာတွိ့ရပါရေ။ ဒေစာတမ်းကို စီမံကိန်းတစ်ခု အဖြစ်အသက်သွင်းလိုက်ပြီးကေ တော်ဝင်စီမံကိန်းအဖြစ် လွဲယူလိုက်ပါရေ။ ဘုရင်ကြီးကိုယ်တိုင် နီပူပူ မိုးရွာရွာ ကင်မရာတစ်လုံးထမ်းပြီးကေ ကျေးလက်၊ ရပ်ရွာအကုန်လားပနာ ဘုရင်အဖြစ်ကိုတောင် မိန့်ထားပြီးကေ ရွာသားတိကို အသေးစိတ် ကိုယ်တိုင်ယှင်းပြ လမ်းပြ ခရေ ပရိုဂျက်ဖြစ်ပါရေ။ ယင့်ဇုကြောင့်လေ့ ဘုရင်ကြီး ဘူမိဘော ကိုထိုင်းပြည်သူတစ်ရပ်လုံးက ဘုရင်ထက်ပိုရေ ချစ်ခြင်းတိနန့် ချစ်ခင်ကတ်စွာဖြစ်ပါရေ။ ယင်း ပရိုဂျက် စီမံကိန်းကြောင့်လေ့ နောက်ဆယ်နှစ်အကြာမှာ ထိုင်းနိုင်ငံစွာ သွင်းကုန်ကို အားကို စရာမလိုလိုက်တော့ပဲနန့် ကိုယ်ပိုင်ထုတ်ကုန်တိကို တီတွင်ပြီးကေ တဆင့်ချင်း ခြီလှန်းနိုင်လိုက်စွာဖြစ်ပါရေ။ ကိုယ့်နိုင်ငံ ထုတ်ကုန်ဟိကေ တခြားနိုင်ငံတိက ကိုယ့်ကိုမှီခိုလာကတ်ရလိမ့်မေ၊ ယင်းစာတမ်းအကျဉ်းချုပ်ကြည့်ကတ်ပါမေ။

#စာတမ်းအနှစ်ချုပ်

ဒေစာတမ်းကို ဘုရင်ကြီးဘူမိဘောလ်က ၁၉၇၄ ခုနှစ်လောက်ကမိတ်ဆက်ခပါရေ၊ ၁၉၉၇ အာသျှဘဏ္ဍာရေးအကျပ်အတည်းအပြီးမာ ပိုပြီးကေ ထင်ယှားလာပါရေ။

ယင့်စာတမ်းမာ မဇ္ဈိမပဋိပဒါ(အလယ်အလတ် လမ်းစဉ် နန့် မဂ္ဂင် 8 ပါး)စီပွါးရီး ရူ့ဒေါင့်နန့် ချဉ်းကပ်ထားပြီးကေ လုပ်ဆောင်ရန်အချက်တိကို အပိုင်းတိအလိုက်ခွဲပြထားပါရေ။ အဓိကအချက်သုံးချက်ပါရေ

၁။ ထိန်းညှိပေးခြင်း (Moderation):

လူတစ်ဦးချင်း၊ မိသားစုနန့် လူ့အဖွဲ့အစည်းအနိန်နန့် လိုအပ်ချက်တိကို ညီမျှအောင်ထိန်းညှိရန်။ အလွန်အကျွံစားသုံးခြင်း (သို့) အနည်းငယ်လွန်ကဲအောင် ချို့တဲ့ခြင်းမဖြစ်စီရ။

ဥပမာ: လယ်သမားတိအနိန်နန့် ဝင်ငွေနန့် ထုတ်ကုန်တိကို မဖြုန်းတီးဘဲနန့် လိုအပ်သလောက်ရာ အသုံးပြုကတ်ရန်။

၂။ ဆင်ခြင်တုံတရားရှိခြင်း (Reasonableness):

ဆုံးဖြတ်ချက်တိစွာ အကျိုးဆက်တိကို ထည့်သွင်းစဉ်းစားပြီးကေ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်ဖို့ ဖြစ်ရပါဖို့။

ဥပမာ: သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စီဘဲ စိုက်ပျိုးနည်းစနစ်တိကို ရွီးချယ်ရန်။

၃ ။အန္တရာယ်ကင်းရှင်းမှု (Prudence):

စီးပွားရီးနန့် သဘာဝ အန္တရာယ်တိကို ကြိုတင်ကာကွယ်ရန်။

ဥပမာ: စီးပွားရီးအကျပ်အတည်းတိကို ရင်ဆိုင်နိုင်ဖို့ ငွေစုမြဲထားရန်နန့် ဝင်ငွီအရင်း အမြစ် မျိုးစုံဟိရန်။

သက်ဆိုင်ရာနယ်ပယ်တိမာ ဘက်စုံအသိပညာတိ ပါ၀င်ပြီးကေ အကျင့် သီလ ၊ ရိုးသားမှု၊ စိတ်ရှည်မှု၊ ဇွဲလုံ့လနန့် ဉာဏ်ရည်ဉာဏ်သွီးရို့ ပါဝင်ပါရေ။

မြီခွဲဝေမူကို 30:30:30:10 အချိုးနန့် လေးပိုင်းခွဲယှင်းပြထားပါရေ။ လူတစ်ယောက်မှာ လယ်ယာတစ်ခုပိုင်ဆိုင်ရေ ဆိုကေ လေးပိုင်းခွဲထားပီးပါ။

ပထမ 30% ကို မိုးရာသီမာ မိုးရီသိုလှောင်ဖို့ ကန်တစ်ခုအဖြစ်နန့် သတ်မှတ်ထားပြီးကေ ခြောက်သွိ့ရာသီမာ သီးနှံတိ စိုက်ပျိုးဖို့နန့် ရီနီသတ္တဝါတိနန့် အပင်တိ မွီးမြူဖို့အတွက် ရီပီးဝီရန် သတ်မှတ်ထားပါ။

ဒုတိယ 30% ရာခိုင်နှုန်းကို မိသားစုဧ့ နိစဉ်စားသုံးမှုအတွက် မိုးရာသီမာ စပါးစိုက်ပျိုးဖို့ ဖယ်ထားပြီးကေ ကုန်ကျစရိတ်တိကို လျှော့ချပနာ တောင်သူတိကို မှီခိုအားထားနိုင်စီဖို့ စီမံထားပါ။

တတိယ 30% ကို အသီးအနှံနန့် နှစ်ရှည်ပင်တိ၊ ဟင်းသီးဟင်းရွက်တိ၊ လယ်သီးနှံတိနန့် နိစဉ်စားသုံးဖို့အတွက် အသုံးပြုပါ။ ပိုလျှံကေ ရောင်းပါ။

နောက်ဆုံး ၁၀ ရာခိုင်နှုန်းကို နီရာထိုင်ခင်း၊ တိရစ္ဆာန်မွီးမြူရီး၊ လမ်းနန့် အခြားအဆောက်အအုံတိအတွက် ဖယ်ထားပါ။

(ရီလှောင်ထား၊ လယ်ကွင်းချန်ထား၊ သီးနှံစိုက်၊ အဆောက်အအုံနီရာချန်ထား)

အကျယ်သိချင်ကေတော့ ကိုယ်စွာကို ရှာဖတ်ကြည့်ပါ၊ Post ငဲ့အတွက်နန့်ဖြတ်လိုက်မေ။

#နိဂုံးချုပ်

ဂနိ ထိုင်းနိုင်ငံ တောင်းပိုင်းကို လားလား၊ မြောက်ပိုင်းကို လားလား၊ အလယ်ပိုင်းကို လားလား အပေါဆုံးက အစားအသောက်ပါ။ မျက်စိတဆုံးက လယ်ကွင်းပြင်တိနန့် စိမ်းစိုနိန်အပင်တိဖြစ်ပါရေ။

ယင်းချင့်တိစွာ ကုန်ကြမ်းဖြစ်လားပါရာ။

ထိုင်းတိ တသက်ထမင်းမငတ်ပါရာ။ ဇာနိုင်ငံကလေ့ စီးပွါးရီးပိတ်စို့လို့ ထိုင်းထမင်းမငတ်နိုင်ပါရာ။

တက္ကသိုလ်နောက်ဖက်မာ လယ်ကွင်းကြီးတစ်ခုဟိရေ၊ တနှစ်ပတ်လုံး စပါးမပြတ်လားပါ၊ ယလောက်များရေ လယ်ဧကကို

လယ်ထွန်ကေလည်း တစ်ယောက်တည်း စက်နန့် ။

စပါးကျဲကေလည်း တစ်ယောက်တည်း စက်နန့်။ စပါးရိတ်ကေလည်း တစ်ယောက်တည်း စက်နန့်။ စပါးတစ်ခြား ကောက်ရိုးတစ်ခြားကျန်ခ။

ကောက်ရိုးမီးရှို့ ၊ စက်နန့်ရီထပ်သွင်း၊ စပါးပြန်စိုက်။ တနှစ်ကို သုံးကြိမ် စပါးရရေ။

လယ်တိုင်းမှာ ရီသိုလောင်ကန်ဟိရေ။ ယင်းကန်ထဲ ငါးတိ မွိးထားရေ၊ သားပေါက်ကေ ဖမ်းရောင်းရေ။

အလွတ်တိမာ ယင်းစားတိစိုက်ထားရေ။

ယင်းလူတိ မချမ်းသာကေ ဇာလူတိ ချမ်းသာဖို့လဲ။

သီးနှံတိ စိုက်ရေ၊ များလာကေ ကုန်ကြမ်းအဖြစ်သုံးနာ ကုန်ချောအဖြစ် စက်ရုံထောင်ပြီးကေ တင်ပို့ရေ။

ကိုယ်ရို့ ရခိုင်တိ ရခိုင်တိုင်းနီးပါး လယ်ပိုင်ရေ။

တနှစ်မှ လယ်တကြိမ်ထွန်နိုင် ထွန်ပြီးကေ ပစ်ထားလိုက်ရာ။ နောက်တကြိမ်စိုက်ဖို့ စားပင်စိုက်ဖို့ ရီမဟိပါ။ မိုးကိုရာအားကိုရ မိုးမရွာကေ မစိုက်ပါရာ။ ရီလှောင်ကန်အတွက် နီရာမလုပ်ထားခါ သားငါလည်း မမွီးနိုင်ပိုင် ခြံထွက်သီးနှံအတွက်တောင် ပီးဖို့ရီမဟိပါ။ လယ်ကွင်းကို လားလာပျော်စရာဖြစ်အောင် လမ်းအကျယ်မထားခါ လာရဖို့တောင် ပျင်းစီခါ လယ်လုပ်ဖိုတောင်ပျင်းစီပါရေ။

ဂုတော့ခါ_

လယ်ထွန်ဖို့ ထိုင်းတက်လာရရေ၊ သစ်သီးခူးဖို့ ထိုင်းတက်လာရရေ။ အိမ်ဆောက်ပီးဖို့ ထိုင်းတက်လာရရေ ။ လယ်ကွင်းကထွက်ရေ ကုန်ကြမ်းကို ကုန်ချောလုပ်ပီးဖို့ ထိုင်းတက်လာရရေ။

တနိ ကိုယ်ရို့ ရခိုင်ပြည်ကို ပြန်ကေ လယ်တောစွာ ကုမ္မဏီကုန်ကြမ်းဖြစ်အောင် ထိုင်းတိပါးက နည်းယူနိုင်ပါရေ။ ငရုတ်သီးတောင် ရန်ကုန်က မှာစားရကေတော့ သူရို့မျက်နှာကြေး ကြည့်နီရဖို့စွာက သေချာပါရေ။

ဆန်လိုကေ လယ်ကွင်းဟိရေ။

ငပိ၊ ဆား လိုကေ ပင်လယ်ဟိရေ။

ဟင်းသီး ဟင်းရွက်လိုကေ ယာခင်းဟိရေ၊

ငါးလိုကေ ပင်လယ်ဟိရေ၊

အဆောက်အုံနန့် အဝတ်လိုကေ သစ်တောနန့် ဝါးတောဟိရေ။

ယင်းချင့်စွာ ထိုင်းတိကျင့်သုံးခရေ သူများမမှီခိုပဲ ကိုယ်ပိုင်စီပွါးရီးနန့် ကိုယ့်နိုင်ငံကို တည်ဆောက်ခြင်းဖြစ်ပါရေ။

ထိုင်းကိုယ်ထူကိုယ်ထ အခြီခံစီးပွါးကို ကိုယ့်ရခိုင်မာ ပြန်အသုံးချနိုင်ကတ်ပါစီ။


YaThaWinTha