ထိုင်းနိုင်ငံပညာရီးစနစ်ကို ချဉ်းကပ်ကြည့်ခြင်း

Article Cover

ထိုင်းနိုင်ငံပညာရီးစနစ်ကို ချဉ်းကပ်ကြည့်ခြင်း

------------------------------------------

ထိုင်းနိုင်ငံပညာရီးစနစ်အကြောင်း ဇိကေလောက် လိ့လာကြည့်ကတ်ပါမေ။

#ဘုန်းကြီးကျောင်းဗဟိုပြုပညာရီး (အေဒီ ၁၃ ရာစု-၁၉ ရာစုထိ)

ထိုင်းနိုင်ငံဧ့ ပညာရီးစွာ ဗွီလာဦးမာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတိကို ဗဟိုပြုထားပါရေ။ ဆူခိုထိုင်း (Sukhothai, ၁၂၃၈-၁၄၃၈) နန့် အယုဒ္ဓယ (၁၃၅၁-၁၇၆၇) ခေတ်တိမာ ပညာရီးစွာ ဘာသာရီးနန့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ ရည်ရွယ်ခပါရေ။ ဘုန်းကြီးကျောင်းတိမာ ယောက်ျားချေတိစွာ ထိုင်းစာ၊ ပါဠိစာ၊ ဗုဒ္ဓဘာသာကျမ်းဂန်တိနန့် ရိုးရာကျင့်ထုံးတိကို သင်ယူရပါရေ။ မမချေတိအတွက် ပညာရီးစွာ အိမ်တွင်းသင်ကြားမှုအပေါ် မူတည်ပြီးကေ အိမ်မှုကိစ္စနန့် ယိုင်ကျေးသိမ်မွိ့မှုတိကို သင်ကြားပီးရပါရေ။

ယင့်ခေတ်မာတော့ခါ ပညာရီးစွာ လူတန်းစားအလွှာတိပေါ်မူတည်ပြီးကေ စကေကွဲပြားပါရေ။ မင်းမျိုးမင်းနွယ်နန့် မှူးမတ်တိအတွက် နန်းတွင်းမာ ပိုပြီးကေအဆင့်မြင့်ရေ ပညာရီးကို သင်ကြားပီးခပြီးကေ စစ်ရီး၊ အုပ်ချုပ်ရီးနန့် စာပီတိကို သင်ယူရပါရေ။ သာမန်လူထုအတွက်ကတော့ခါ အခြီခံ စာရီး စာဖတ်နန့် ဘာသာရီးကျင့်စဉ်တိရာ သင်ကြားရပါရေ။

#အနောက်တိုင်းလွှမ်းမိုးမှုနန့်ပညာရီး(၁၉ ရာစု)

၁၉ ရာစုအစောပိုင်းမာ ထိုင်းနိုင်ငံစွာ အနောက်တိုင်းနိုင်ငံတိ (ဗြိတိသျှ၊ ပြင်သစ်) နန့် သံတမန် ဆက်ဆံရီးတိ ထူထောင်လာပါရေ။ ယင့်အချိန်မာ အနောက်တိုင်းပညာရီးနည်းစနစ်တိစွာ ထိုင်းနိုင်ငံသို့ စိမ့်ဝင် လာခပါရေ။ အထူးသဖြင့် ဘုရင်မင်းမြတ် ရာမ ၄ (၁၈၅၁-၁၈၆၈) လက်ထက်မာ အနောက်တိုင်းသင်္ချာ၊ သိပ္ပံနန့် ဘာသာစကားတိကို နန်းတွင်းမာ စတင်သင်ကြားခွင့်ရလာပါရေ။ မင်းညီမင်းသားတိကိုလည်း ပြင်သစ်သို့ စီလွတ်လာပါရေ။

ဘုရင်မင်းမြတ် ချူလာလောင်ကွန်း (၁၈၆၈-၁၉၁၀) လက်ထက်မာ ပညာရီးပြုပြင်ပြောင်းလဲမှုတိ ပိုပြီးကေ သိသာထင်ရှားလာစွာတွိ့ရပါရေ။ ၁၈၈၄ ခုနှစ်မာ ဘုန်းကြီးကျောင်းတိမာ မူလတန်းပညာရီးကို စတင်သင်ကြားပီးခပါရေ။ ၁၈၉၈ ခုနှစ်မာ ပညာရီးဝန်ကြီးဌာနကို တည်ထောင်ခပြီးကေ ခေတ်မီရေ သင်ရိုးညွှန်းတမ်းတိကို မိတ်ဆက်ခရေ။ ဘုန်းကြီးကျောင်းတိအပြင် အစိုးရကျောင်းတိကို တည်ထောင်ခပြီးကေ အခြီခံပညာရီးကို လူထုသို့ ပိုပြီးကေ ဖြန့်ဝီခပါရေ။ ဒေခေတ်မာ ထိုင်းဘာသာစကားကို အမျိုးသားရီးဝါဒဖြန့်ကျက်ဖို့ အဓိကသင်ကြားခပြီးကေ အင်္ဂလိပ်စာကိုလည်း သင်ရိုးညွှန်းတမ်းမာ ထည့်သွင်းခပါရေ။

#ခေတ်မီပညာရီးစနစ်ဧ့ပေါ်ထွန်းမှု (၂၀ ရာစု)

၁၉၃၂ ခုနှစ်မာ ထိုင်းနိုင်ငံစွာ ဖွဲ့စည်းပုံအခြီခံဥပဒေနန့် အုပ်ချုပ်ရီး နိုင်ငံအဖြစ် ပြောင်းလဲခပြီးကေ အချေတိအတွက် အဓိကပညာရီးကို မဖြစ်မနိန် တက်ရောက်ရဖို့သတ်မှတ်လိုက်ပါရေ။

၁၉၉၉ ခုနှစ်မာ ထိုင်းနိုင်ငံစွာ အမျိုးသားပညာရီးဥပဒေ (National Education Act) ကို ပြဋ္ဌာန်းခပြီးကေ ပညာရီးကို အရည်အသွီးမြှင့်တင်ဖို့ ရည်ရွယ်ပြီးကေ အချေတိစွာ အနည်းဆုံး ၉ နှစ်ကြာအောင် အခမဲ့ပညာရီးကို ရဟိခွင့်ဟိပါရေ။ ၂၀၀၈ ခုနှစ်ကစတင်ပနာ အသက် ၁၅ နှစ်အထိ အခမဲ့ ပညာရီးအစီအစဉ်ကို ပံ့ပိုးပီးလိုက်ပါရေ။

ယင့်ချင့်အပြင် ထိုင်းနိုင်ငံစွာ နည်းပညာနန့် ဆန်းသစ်တီထွင်မှုကို အခြီခံရေ စီးပွားရီးသို့ ပြောင်းလဲဖို့အတွက် "Thailand 4.0" မူဝါဒ ကိုလက်ခံကျင့်သုံးလာပါရေ။ ဒေမူဝါဒစွာ STEM (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနန့် သင်္ချာ) ပညာရီးကို အားပီးပြီးကေ ဒစ်ဂျစ်တယ်နည်းပညာကို သင်ရိုးညွှန်းတမ်းမာ ထည့်သွင်းသင်ကြားဖို့ဖြစ်ပါရေ။

#လက်ဟိပညာရီးစနစ်

ထိုင်းနိုင်ငံ ကျောင်းအမျိုးအစားတိမာ အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်း၊ နိုင်ငံတကာကျောင်းနန့် ဘုန်းကြီးကျောင်းတိ ပါဝင်ပါရေ။ ၂၀၀၄ ခုနှစ်အချက်အလက်တိအရ မူလတန်း၊ အလယ်တန်းနန့် အထက်တန်းကျောင်းပေါင်း ၃၂,၄၁၃ ကျောင်းဟိပြီးကေ သက်မွီးဝမ်းကျောင်းပညာရီးအဖွဲ့အစည်း ၆၁၂ ခုဟိပါရေ။ ကျောင်းသား ၈.၈ သန်းကျော်နန့် သက်မွီးဝမ်းကျောင်းပညာရီးအဖွဲ့အစည်းတိမာ ကျောင်းသား ၆၃၁,၀၀၀ ခန့် တက်ရောက်နီပါရေ။ ၂၀၂၂ ခုနှစ်မာ အမေရိကန်သို့ ပညာတော်သင် ထိုင်းကျောင်းသား ၅,၀၀၇ ဦးဟိရေလို့ ဖော်ပြထားပါရေ။

ထိုင်းနိုင်ငံဧ့ ပညာရီးစနစ်စွာ ပညာရီးဝန်ကြီးဌာန (Ministry of Education) နန့် အဆင့်မြင့်ပညာရီးဆိုင်ရာ ကော်မသျှင်ရို့ဧ့ ကြီးကြပ်မှုအောက်မာ လည်ပတ်နီပါရေ။

၁. မူလတန်းပညာရီး (Prathom) ကြာချိန်: ၆ နှစ် (Prathom 1-6) အသက်: ၆-၁၂ နှစ်

၂. အလယ်တန်းပညာရီး (Mathayom) ကြာချိန်: ၆ နှစ် (Mathayom 1-6)

အောက်အလယ်တန်း (Mathayom 1-3): ၃ နှစ်၊ အသက် ၁၃-၁၅ နှစ်

အထက်အလယ်တန်း (Mathayom 4-6): ၃ နှစ်၊ အသက် ၁၆-၁၈ နှစ်

၃. အဆင့်မြင့်ပညာရီး

ထိုင်းနိုင်ငံမာ တက္ကသိုလ် ၁၅၀ ကျော်ဟိပြီးကေ ချူလာလောင်ကွန်း၊ မဟီဒေါနန့် ထမ္မဆက်တက္ကသိုလ်တိစွာ ထင်ယှားပါရေ။ ဘွဲ့ကြို (၄ နှစ်)၊ မဟာဘွဲ့နန့် ပါရဂူဘွဲ့တိဟိပါရေ။

#ထိုင်းပညာရီးဧ့ထူးခြားချက်တိ

ဗုဒ္ဓဘာသာစာပီနန့် ထိုင်းယဉ်ကျေးမှုကို သင်ရိုးညွှန်းတမ်းတိုင်းမာ ထည့်သွင်းထား ပါရေ။

ထိုင်းဘာသာစကားနန့် ထိုင်းသမိုင်းကို အဓိကထားသင်ကြားပြီးကေ အမျိုးသားရီး စိတ်ဓာတ်ကို မြှင့်တင်ပီးပါရေ။ ဒစ်ဂျစ်တယ်သင်ယူမှုနန့် နည်းပညာကို ပိုမိုအသုံးပြုလာပါရေ။ ရွှီ့ပြောင်းနီထိုင်သူတိဧ့ အချေတိအတွက်လည်း ပညာရီးအခွင့်အလမ်းတိ နောက်ပိုင်းချဲ့ထွင်လာစွာတွိ့ရပါရေ။

#စည်းကမ်းသေဝမူ

ဝချေတန်းအချေ ကျောင်းသားချေဘဝကပင် ဝတ်စုံတိကို သတ်မှတ်ထား အတိုင်းရာ သသေသသပ် ဝတ်ဆင်ရပြီးကေ ဖြစ်ကတတ်ဆန်း ဝတ်ပနာ ကျောင်းလာခွင့်မဟိရပါ။ ဖိနပ်ချွတ်စွာအစ အမှိုက်ပစ် စွာကအဆုံး စည်းကမ်းကို အချေကပင်လိုက်နာကျင့်သုံးရပါရေ။ ယင့်ဇုနန့် ဇာနိန်ရာလားလား၊ ဖိနပ်တိတန်းစီထားစွာ မြင်ရဖို့ပိုင်၊ ကျောင်းကအစ လမ်းမှာ အဆုံး အမိူက်ပုံးကလွဲကေ တမှိုက်တစ မြင်ရဖို့ ယှားပါရေ။

#ဘုန်းကြီးကျောင်းနန့်စာသင်ကျောင်း

ထိုင်းနိုင်ငံမာ အများစုစာသင်ကျောင်းတိကို ဘုန်းကြီးကျောင်းနန့်ရာ ကပ်ပြီးကေတွဲဆောက်ရပါရေ။ ၁၉ ရာစုနှောင်းပိုင်း ချူလာလောင်ကွန်းဘုရင် လက်ထက်မာ ခေတ်မီပညာရီးစနစ်ကို မိတ်ဆက်ခါကပင် ဘုန်းကြီးကျောင်းတိကို အခြီခံထားပြီးကေ ကျောင်းတိကို ၎င်းရို့နန့် ကပ်ပြီးကေ တည်ထောင်ခရေ။ ဇာကြောင့်တွဲဆောက်ရလဲဆိုကေ-

၁။ ရှီးခေတ်ကပင် ဘုန်းကြီးကျောင်းတိမာ ပညာရီးဗဟိုဌာန ဖြစ်ခအတွက်နန့် စာသင်ကျောင်းတိကို ဘုန်းကြီးကျောင်းတိနန့် ကပ်လျက်ဆောက်လုပ်ခြင်းစွာ ဘာသာရီးနန့် ပညာရီးကို ပေါင်းစပ်ဖို့ ရည်ရွယ်ရန်။

၂။ ကျောင်းသားတိစွာ ဘုန်းကြီးကျောင်းတိမာ ဘာသာရီးထုံးတမ်းတိနန့် တရားပွဲတိမာ ပါဝင်နိုင်ရန်။

၃။ ဘုန်းတော်ကြီးတိစွာ သင်ကြားရီးလုပ်ငန်းတိမာ တိုက်ရိုက်ပါဝင်နိုင်ဖို့ နန့် ကျောင်းသားတိအား လမ်းညွှန်မှုပီးနိုင်ဖို့ရန်။

၄။ ကျေးလက်ဒေသတိမာ ဘုန်းကြီးကျောင်းတိစွာ ရပ်ရွာဗဟိုဌာနတိဖြစ်ပြီးကေ ကျေးလက်ဒေသတိမာ ပညာရီးကို ဖြန့်ဝီရာမာ ထိရောက်မှုဟိရန်။

၅။ ထိုင်းမိဘတိက ဘုန်းကြီးကျောင်းတိနန့် ဆက်စပ်နီရေ ကျောင်းတိကို ပိုပြီးကေ ယုံကြည်ကတ်ပိုင် သားသမီးတိကိုလည်း စိတ်ချကတ်ရန်။

၆။ စာသင်ကျောင်းတိအတွက် မြီနီရာယှာဖွီရာမာ ဘုန်းကြီးကျောင်းတိ မြီနီရာတိကို အသုံးပြုခြင်းစွာ ကုန်ကျစရိတ်သက်သာရန်။

#ထိုင်းရဟန်းနန့်ပညာရေး

ထိုင်းရဟန်းတိစွာ ပါဠိဘာသာ(အဆင့်၉ထိ)၊ ဗုဒ္ဓဘာသာကျမ်းဂန်တိနန့် အခြားဘာသာရပ်တိကို လိ့လာသင်ကြားဖို့ခွင့်ပြုထားပါရေ၊ အခြီခံပညာရီးလိ့လာပြီးရေ ရဟန်းတော်တိစွာ တက္ကသိုလ်တိ ဖြစ်ကတ်တေ Mahachulalongkornrajavidyalaya University (MCU) နန့် Mahamakut Buddhist University (MMU) စရေတက္ကသိုလ်တိကို တက်နိုင်ပါရေ။ ယင်းကရလာရေ GPA တိကို အခြီခံပြီးကေ လောကီပညာရီးစနစ်သို့ လွှဲပြောင်းပီးနိုင်ပါရေ။ ဆိုလိုစွာ ရဟန်းဘဝက လူဝတ်လှဲလားကေလည်း ပညာရီးစနစ်စွာ မပြောင်းလဲဆိုရေ သဘောပါ။ (မြန်မာနိုင်ငံမာနန့်တော့ ဒေအချက်က ကွာပါရေ၊ မြန်မာရဟန်းတော် တစ်ပါးစွာ ဇာလောက်ဘွဲ့ရခ ရခ လူဝတ်လှဲလားကေ ယင်းသင်ခရေဘွဲ့စွာ ပညာရီးစနစ်က လက်မခံပါ။ သာသနာရီးဌာနမာတောင် အလုပ်မရပါ။ ဘဝရပ်တည်ရေးက ကိုယ်ဒူးကိုယ်ချွန် အခြီခံ ဘဝကို ပြန်ရောက်လားပါရေ)

ထိုင်းရဟန်းတော်တစ်ပါးစွာ အခိုက်မသန့်လို့ လူဝတ်လှဲဖြစ်ကေတောင် ရထားရေဘွဲ့နန့် အစိုးရကျောင်း သို့မဟုတ် တက္ကသိုလ်တိမာ ဆရာဖြစ်သင်ကြားဖို့ အခွင့်ဟိပါရေ။ ဘွဲ့အလိုက် ကြိုက်ရေ လုပ်ငန်းတိကိုလည်း လျောက်ထားနိုင်ပါရေ။ GPA အလိုက် သင့်လျော်ရေ တက္ကသိုလ်တိုင်းကိုလည်း တက်ခွင့်ဟိပါရေ။ ယင့်ချင့်သည် လူသားအရင်းအမြစ်ကိုတန်ဖိုးထားခြင်းဖြစ်ပါရေ။ ဉပမာ- ထိုင်းနိုင်ငံသားပညာတတ် တယောက် အလုပ်လက်မဲ့ ရှင်သန်ရစွာသည် ထိုင်းနိုင်ငံသားတစ်ယောက်ဆုံးစွာနန့် တူတူဖြစ်ပါရေ။ ယပိုင်စနစ်ကို ထိုင်းကလက်မခံပါ။ ၁၉၁၁ ခုနှစ်မာ စာမေးပွဲ အောင်မြင်မှုမဟိခကေ ရဟန်းတိကို စစ်ထဲသို့ အတင်းပို့ခံရဖူးရေ သာဓကတောင် ဟိဖူးပါရေ။ ဂုတော့ခါ ယင့်စနစ်မဟိပါရာ။ ထိုင်းလူမှုအသိုင်းအဝိုင်းမာ ရဟန်းဘဝက လူဝတ်လှဲလာ သူတိကို လေးစားမှုဟိပြီးကေ ၎င်းရို့ကို ပညာရီးအဖွဲ့အစည်းတိမာ လက်ခံမှု ရဟိလိ့ဟိပါရေ။

၁၉၆၆-၁၉၇၀ ခုနှစ်တိမာ ထိုင်းဘုရင်ကြီးကိုယ်တိုင် ဘုန်းကြီးဘွဲ့ရသူတိကို ကျေးလက်ဒေသတိသို့ စီလွှတ်ပြီးကေ ပညာရီးနန့် ဒေသဖွံ့ဖြိုးရီးလုပ်ငန်းတိမာ ပါဝင်စီခပါရေ။

#နိဂုံးချုပ်

ထိုင်းနိုင်ငံပညာရီးစနစ် ပြောင်းလဲလာစွာသည် နှစ်ပေါင်း(၆၀)တောင် မပြည့်ပါသိမ့်။ မျိူးဆက်တစ်ဆက်လို့ ပြောလို့ရပါရေ၊ ဂနိ ထိုင်းနိုင်ငံနန့်လွန်ခရေ နှစ်(၅၀) ထိုင်းနိုင်ငံပညာရီး ပြန်ကြည့်ကေ ဆီနန့်ရီပိုင် ကွာနိန်စွာကို တွိ့ရပါလိမ့်မေ၊ ဂနိထိုင်းနိုင်ငံထဲက ၅၀ကျော် လူကြီးပိုင်တိ မီးကြည့်ပါ။ အများစုက ထိုင်းစာကို ရီးတတ် ဖတ်တတ် သာသာချေရာ ဟိပါရေ၊ တချို့ဆိုကေ ထိုင်းစာတောင် မဖတ်တတ်ပါ။ ဂနိ အသက်၄၀ ဝန်းကျင် တိကတော့ခါ စာမတတ်လူမဟိသလောက် ဖြစ်လားပါရာ။ သူရို့သားသမီးတိလေ့ သူရို့တိထက် ပညာရီးအဆင့်မြင့်လားပါရာ၊ ပညာရီးကောင်းလီ ဝင်ငွေကောင်းလီ၊ အဆင့်အမှီမှီ နီနိုင်လီ။ ဂုဆိုကေ ထိုင်းစွာ ပညာရီးနည်ပယ်မာ နိုင်ငံတကာမှာ လက်မထောင်နိုင်ပါရာ။ ဒေပိုင်ဖြစ်လာဖို့ အစပျိူးခစွာတိကတော့ခါ လွယ်ခစွာတိမဟုတ်ပါ၊ ပညာတတ်ဖို့မလို မိဘနားမာ လိမ်လိမ်မာ အီးအီးချမ်းချမ်းချေနန့် နိန်ကေပြီးရာ လို့ ခံယူထားကတ်ရေ မိဘတိကို အတွေးတိပြောင်းလာအောင် ဆယ်စုနှစ်အလီလီ နားချ၊ သူရို့ ယုံကြည်ရေ ဘာသာရေးအရိပ်အောက်က လမ်းပြဆွဲဆောင်ခလို့ ထိုင်းပညာရီးစွာ ခေါင်းထောင်လာနိုင်ခစွာဖြစ်ပါရေ။ အများမလိုပါ ပြောင်းလဲဖို့အတွက် မျိုးဆက်တဆက်ရာ လိုပါရေ။

ဘာသာရီးဖက်မာ ဆိုလို့ဟိကေလည်း ဘာသာရီးနန့် ပညာရီးကို ခွဲမထုတ်လိုက်ပဲနန့်။ ဘာသာရီးတိုင်းစွာ တန်းတူကျရေ ပညာရီးကို ခံစားထိုက်ပါရေ။ ရဟန်းတပါးအရည်အချင်းဟိကေ ဇာတက္ကသိုလ်ဆက်တက်ချင်လဲ၊ ခွင့်ပြုထားပါရေ။ ဒေချင့်စွာ ထိုင်းနိုင်ငံသားတစ်ယောက်အခွင့်အရီး ဖြစ်ပါရေ။

ပညာရီးစနစ်နန့် လူဘောင်သစ်တစ်ခုကို ထုဆစ်နိုင်ကတ်ပါစီ


YaThaWinTha